The network connection is lost.

Banner Image

တော့တင်ဟမ်ဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားတဲ့ မန်စီးတီးတိုက်စစ်မှူးအိုမာမာမွတ်ရှ်

မန်စီးတီးတိုက်စစ်မှူးအိုမာမာမွတ်ရှ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်မှု အပါအဝင် တော့တင်ဟမ်အသင်းရဲ့ အလုပ်များပြားနေတဲ့ နွေရာသီစျေးကွက်လှုပ်ရှားမှုက အရှိန်လျှော့ကျသွားမယ့် အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။

ဒါ့အပြင် တော့တင်ဟမ်က အိုမာမာမွတ်ရှ်ကို အငှားခေါ်ယူမှုမှာ ရာသီပိတ်သိမ်းချိန်၊ အပြီးသတ်ဝယ်ယူရမယ့် သတ်မှတ်ချက်လည်း ပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက လတ်တလောမြောက်လန်ဒန်အရပ်ဆီ ရောက်ရှိသွားတဲ့ မန်စီးတီးအသင်းဖော်ဆာဗင်ဟိုရဲ့လမ်းစဉ်အတိုင်း တော့တင်ဟမ်ဟော့စပါးကွင်းကြီးဆီ ပြောင်းရွှေ့လာခဲ့ပါပြီ။

ဆာဗင်ဟိုအပြင် ရော်ဘတ်ဆန်၊ ဆီနီစီ၊ ဗန်ဟက်ကီ၊ ဒူဗရာကာ၊ မာသီးယက်စ်ဖာနန်ဒက်စ်နဲ့ တိုနာတို့ကို ခေါ်ယူထားတဲ့ တော့တင်ဟမ်အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအနက် မာမွတ်ရှ်က နောက်ဆုံးကစားသမားတစ်ဦး ဖြစ်လာပါတယ်။

"ဒီနေရာကို ရောက်လာရလို့ အလွန်ကောင်းမွန်တဲ့ ခံစားချက် ရရှိပါတယ်။ အသင်းနဲ့အတူ ပူးပေါင်းကစားဖို့ စိတ်လှုပ်ရှားနေပြီး ပရိသတ်တွေနဲ့တွေ့ဆုံရမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး" လို့ အိုမာမာမွတ်ရှ်က ပြောကြားခဲ့ပါတယ်။

"တော့တင်ဟမ်ဟော့စပါးဆိုတာ အင်္ဂလန်မှာတင်မက ကမ္ဘာပေါ်မှာပါ ကြီးကျယ်ခမ်းနားလှတဲ့ကလပ်အသင်းတွေအနက် တစ်ခု ဖြစ်ပါတယ်။ အသင်းရဲ့အနာဂတ်စီမံကိန်းကလည်း ကျွန်တော့်ကို အများကြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။

နည်းပြနဲ့ စကားပြောခဲ့ပြီး သူ့စကားတွေကို သဘောကျမိသလို ဘောလုံးအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုတွေနဲ့ ကောင်းကောင်းပေါင်းစပ်နိုင်လိမ့်မယ်ဆိုတာသေချာပါတယ်" လို့ ဆိုပါတယ်။

အီဂျစ်လက်ရွေးစင်က မန်ချက်စတာမြေမှာ ၁၈ လကြာ ဖြတ်သန်းခဲ့ချိန်အတွင်း ၆၂ ပွဲကစား၊ ၁၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်ခဲ့ပါတယ်။