နည်းပြဘ၀အပေါ် လွှမ်းမိုးမှုကြီးမားတဲ့ ဩဇာကြီးပုဂ္ဂိုလ်တွေအကြောင်း ထုတ်ပြောလာတဲ့ မိုနာကိုနည်းပြ ဖီလီပီလူးဝစ်
မိုနာကိုမှာ စွဲမက်ဖွယ်ကောင်းတဲ့ ရာသီသစ်စတင်မှုကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြဘ၀ခရီးလမ်းအပေါ် လွှမ်းမိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို မိုနာကိုနည်းပြ ဖီလီပီလူးဝစ်က ဖွင့်ဟလာပါတယ်။
ဒီဘရာဇီးသားက ဖလာမင်ဂိုနဲ့အတူ အောင်မြင်တဲ့ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အခုနွေရာသီမှာ ဥရောပဆီ ရောက်ရှိလာခဲ့ပါတယ်။
Parc des Princes ကွင်းမှာ ပီအက်စ်ဂျီကို အနိုင်ယူပြီးနောက် သူ့ရဲ့အသင်းက လီဂူးဝမ်းအမှတ်ပေးဇယားဦးဆောင်သူ ဖြစ်လာပြီး စက်တင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် သူ့ရဲ့လက်ငင်းအကျိုးသက်ရောက်နိုင်စွမ်းကို ချက်ချင်းပြသထားနိုင်ပါတယ်။
L'Équipe သတင်းစာနဲ့တွေ့ဆုံချိန် လူးဝစ်က လူးဝစ်အင်းနရစ်ကို လက်ရှိကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ဖော်ပြရင်း နည်းပြဘ၀ခရီးလမ်းစတင်မှုမှာ အတွေးအခေါ်တွေ ပံ့ပိုးပေးခဲ့တဲ့ အခြားပုဂ္ဂိုလ်တွေအကြောင်းကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။
လူးဝစ်က "ကျွန်တော့်အတွက် ပြီးခဲ့တဲ့မတ်လအတွင်း သွားရောက်တွေ့ဆုံခဲ့တဲ့ ပက်ဂွါဒီယိုလာနဲ့ အူနိုင်းအမ်မရီတို့လို စိတ်ဓာတ်ခွန်အားရယူစရာ နည်းပြတွေ အတော်များများ ရှိပေမဲ့ ကျွန်တော့်ဆီမှာလည်း ကိုယ်ပိုင်ချဉ်းကပ်မှုပုံစံ ရှိပါတယ်"
"နည်းဗျူဟာပိုင်းအရ ကျွန်တော်ဖြစ်စေချင်တဲ့နေရာဆီ အသင်းက မရောက်သေးပါဘူး။ ပွဲတွေကစားလာတာနဲ့အမျှ ကစားသမားတွေရဲ့ခန္ဓာကိုယ်က ဒီကြိုးစားအားထုတ်မှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်လာပါလိမ့်မယ်။"
"နိုဝင်ဘာလမှာ ကျွန်တော်တို့ ပိုမိုပြေးလွှားကစားကြရပါလိမ့်မယ်။ ဒီဇင်ဘာလမှာလည်း အခုထက်ပိုမိုပြေးလွှားပြီး ပိုကောင်းအောင်ကစားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကြီးမားတဲ့အရာတွေ လုပ်ဆောင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်" လို့ ဆိုပါတယ်။