The network connection is lost.

Banner Image

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘ၀နောက်ဆုံးပွဲစဉ်အပြီး နှုတ်ဆက်စကားဆိုလိုက်တဲ့ မက်ဆီ

ဘီနင်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နောက်ဆုံးအကြိမ်ပါဝင်ကစားပြီးနောက် မက်ဆီက သူ့ရဲ့အောင်မြင်ကျော်ကြားလှတဲ့ ကစားသမားဘ၀ရဲ့ ဝမ်းနည်းစရာအကောင်းဆုံး နေ့ရက် ဖြစ်ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မိုနူမန်တယ်ကွင်းနိုင်ပွဲမှာ တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့တဲ့ မက်ဆီက ပွဲစဉ်အပြီး ကွင်းတွင်းဝင်ရောက်လာချိန် အာဂျင်တီးနားနဲ့အတူ ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ကစားသမားဘ၀ကို ပြန်ပြောင်းသုံးသပ်ရင်း ပရိသတ်တွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

"ဒီဂျာစီကို နှစ်ပေါင်း ၂၀ ကျော်ဝတ်ဆင်ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော့်အတွက်တော့ အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာအရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ကွင်းလုံးပြည့်ရှိနေတဲ့ ပရိသတ်တွေကို မက်ဆီက ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့၊ ကျွန်တော် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး အခိုက်အတန့်တွေမှာတောင် ကျွန်တော်တိုက်ပွဲဝင်ဖို့ ဘယ်တော့မှ မရပ်တန့်ခဲ့သလို ဒီနေရာမှာ ရှိနေဖို့ကိုလည်း ဘယ်တော့မှ မရပ်နားခဲ့ပါဘူး"

"ဒီဂျာစီကို နောက်ထပ်မဝတ်ဆင်ရတော့ဘူးဆိုတာ အလွန်နာကျင်ရမယ့် ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်လက်ကျန်ဘ၀တလျှောက်လုံး ကစားသွားချင်တယ်လို့ ကျိန်ဆိုရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားပေးရတယ်ဆိုတာ လူတစ်ဦးရဲ့ဘ၀မှာ ကြုံတွေ့နိုင်သမျှ အလှပဆုံးအရာတစ်ခု ဖြစ်နေလို့ပါပဲ" လို့ ဆက်ပြောပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိုနူမန်တယ်ကွင်းဆီ ပြန်လည်ရောက်ရှိလာမှုကြောင့် မက်ဆီရဲ့ခံစားချက်တွေ ရောပြွန်းနေခဲ့ပါတယ်။

"အခုတော့ ကျွန်တော်က လက်ရွေးစင်အသင်းကိုရော၊ ခင်ဗျားတို့အားလုံးကိုပါ နှုတ်ဆက်ရမယ့်နေ့ဖြစ်တဲ့ ကျွန်တော့်ကစားသမားဘဝရဲ့ဝမ်းအနည်းရဆုံးနေ့မှာ ဒီနေရာဆီ ရောက်ရှိနေပါတယ်။"

"ဒါပေမဲ့ အခုမှစလို့ ကျွန်တော်က ပရိသတ်တွေနဲ့အတူ အဲဒီဘက်ခြမ်းမှာ ရှိနေပြီး ကစားသမားတွေအားလုံး၊ အသင်းဆီရောက်လာမယ့်သူတိုင်းကို ဆက်လက်အားပေးသွားပါမယ်။ အမြဲတမ်းစည်းလုံးညီညွှတ်မှုအပြည့်နဲ့ပေါ့" လို့ သူက ဆိုပါတယ်။

အခုလို ဝမ်းနည်းမှုတွေ ရှိနေပေမဲ့ အာဂျင်တီးနားသားတွေရဲ့ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့မှုကို ရည်ညွှန်းကာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူမယ့်အချိန် ရွေးချယ်မှုနဲ့ပတ်သက်လို့ နောင်တရစရာမရှိဘူးလို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ခါးသီးပြိုင်ဘက်အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိမှုအပါအဝင် ဒီပြိုင်ပွဲရဲ့စိတ်ခံစားမှုအတက်အကျတွေကြောင့် သူ့မှာ ကြီးမားတဲ့သက်ရောက်မှုရှိခဲ့တယ်လို့ မက်ဆီက ဆိုပါတယ်။

"ကျွန်တော့်ဘဝတလျှောက်လုံး ဒီနေရာမှာ ဆက်ရှိနေချင်ပေမဲ့ အခုတော့ အနားယူရမယ့်အချိန်တန်ပြီလို့ ယုံကြည်မိပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော်ဖြတ်သန်းခဲ့ရသမျှအရာအားလုံးထက် အလွန်အမင်းပြင်းထန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်နဲ့ တစ်နိုင်ငံလုံးရဲ့အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဆုကို နောက်တစ်ကြိမ်ထပ်မံရယူနိုင်ဖို့ ကျွန်တော်တို့မှာ အိပ်မက် ရှိခဲ့ပါတယ်"

"ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပြည့်မြောက်ဖို့ အလွန်နီးစပ်ခဲ့ပြီး လက်တွေ့မှာတော့ လူတွေပြောသလို ထူးထူးဆန်းဆန်း ဘာမှမဖြစ်ခဲ့ပါဘူး။ အင်္ဂလန်နဲ့ပွဲစဉ်ကြောင့် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျွန်တော်တို့အပေါ် အလွန်ကြီးမားတဲ့ထိခိုက်မှုတွေ ရှိခဲ့ပါတယ်"

"ကျွန်တော်တို့မှာ ကျန်ရှိတဲ့အင်အားလေးနဲ့ပဲ နောက်ဆုံးအဆင့်အထိ ရောက်အောင် သွားခဲ့ကြပါတယ်။ အတူရှိခဲ့ဖူးတဲ့ အသင်းဖော်တွေ၊ အရာရာကို အတူမျှဝေခဲ့ကြတဲ့ အသင်းဖော်တွေနဲ့အတူ ဒီဂျာစီအတွက် အမြဲတမ်းတိုက်ပွဲဝင်ခဲ့သလိုမျိုးပဲ ကျွန်တော်တို့ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့တင်မက ကျွန်တော်တို့ အနိုင်ရခဲ့ချိန် ဘေးမှာ ရှိနေခဲ့ကြသူတွေနဲ့ပါ အတူတူတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့ အလွန် နီးစပ်ခဲ့ပါတယ်" လို့  မက်ဆီက ပြောပါတယ်။