မန်စီးတီးကွင်းလယ်လူရိန်ဒါစ်ကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဆော်ဒီကလပ်အယ်လ်ကွက်စီယာ
မန်စီးတီးအသင်းနဲ့ နယ်သာလန်ကွင်းလယ်လူရိန်ဒါစ်က ဆော်ဒီကလပ်အယ်လ်ကွက်စီယာအသင်းဆီ တရားဝင်ပြောင်းရွှေ့ရောက်ရှိသွားပြီလို့ ဗုဒ္ဓဟူးနေ့မှာ သက်ဆိုင်ရာကလပ်အသင်းတွေကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နွေရာသီမှာ မန်စီးတီးဆီ ယူရို ၅၅ သန်း (ပေါင် ၄၇ ဒဿမ ၁ သန်း)ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ရိန်ဒါစ်ကို ခေါ်ယူဖို့အတွက် အယ်လ်ကွက်စီယာအသင်းက ပေါင် ၅၁ ဒဿမ ၄ သန်းခန့် အသုံးပြုခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒတ်ခ်ျကွင်းလယ်လူက စာချုပ်သက်တမ်းလေးနှစ်အတွင်း လစာငွေ ပေါင် ၈၅ သန်းကျော် ရရှိသွားပါမယ်။
မန်ချက်စတာမြေမှာ ဖြတ်သန်းခဲ့တဲ့ တစ်ခုတည်းသောဘောလုံးရာသီအတွင်း ရိန်ဒါစ်က ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ ရာသီကုန်ဆုံးခါနီးမှာတော့ အသင်းရဲ့ပွဲထွက်လူစာရင်းမှ ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း ရိန်ဒါစ်က နည်းပြပက်ဂွါဒီယိုလာလက်အောက် လိဂ်ငါးပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး မန်စီးတီးရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၁၄ ပွဲမှာ ကိုးပွဲအထိ အရန်ခုံတန်းရဲ့ အသုံးမပြုတဲ့ကစားသမားအဖြစ်သာ ဖြတ်သန်းခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်၊ ကွန်မြူနတီဒိုင်းပွဲစဉ်အတွက် မန်စီးတီးအသင်းလူစာရင်းမှာလည်း ရိန်ဒါစ် မပါဝင်လာခဲ့ပါဘူး။
အယ်လ်ကွက်စီယာအသင်းမှာ ရိန်ဒါစ်က ရီတီဂွီ၊ နာချိုဖာနန်ဒက်စ်၊ ကွီနိုနက်စ်၊ ကက်စတီးလ်စ်၊ ဝီဂယ်လ်၊ အူထရက်ခ်ျနောက်ခံလူဟောင်းအယ်လ်ကာရူအာနီတို့နဲ့ လက်တွဲကစားရပါလိမ့်မယ်။ ဒီကလပ်အသင်းက ပြီးခဲ့တဲ့ဆော်ဒီပရိုလိဂ်နှစ်ရာသီလုံးကို အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။
အယ်လ်ကွက်စီယာအသင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရောက်ရှိလာတဲ့ လီဗာပူးနဲ့ ဆဲလ်တစ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ်က ဦးဆောင်နေပါတယ်။
ရိန်ဒါစ်က ဆမ်မာဗီလီပြီးရင် အခုနွေရာသီမှာ ဆော်ဒီမြေဆီ ဒုတိယမြောက်ပြောင်းရွှေ့လာတဲ့ နယ်သာလန်လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒတ်ချ်တွေရဲ့ကမ္ဘာ့ဖလားကြယ်ပွင့်ဆမ်မာဗီလီက ဝက်စ်ဟမ်းအသင်းမှ အယ်လ်ကွက်စီယာအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။