ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ရရှိပြီးနောက် ချာကီရဲ့မယုံကြည်နိုင်စရာခြေစွမ်းအပေါ် မာရက်စ်ကာ ချီးကျူးဂုဏ်ပြု
မန်စီးတီးနည်းပြမာရက်စ်ကာက ဒီနေ့မနက်ပိုင်း၊ ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ခြေစွမ်းပြသခဲ့တဲ့ ချာကီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးနည်းပြမာရက်စ်ကာက ပြီးခဲ့တဲ့သီတင်းပတ်၊ ဘုန်းမောက်ကို အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ချာကီကို မထည့်သွင်းထားလို့ ကစားသမားကိုယ်တိုင် စိတ်ပျက်နေခဲ့တယ်လို့လည်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားက အခုလိုချန်လှပ်ခဲ့မှုအပေါ် ထိရောက်ကစားဟန်ပြသမှုနဲ့အတူ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ဘုန်းမောက်နဲ့ပွဲစဉ်မှာ အရန်ခုံတန်းမှထလာပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့သလို မိုးရွာသွန်းနေတဲ့ လန်ဒန်တောင်ပိုင်း၊ ဆဲလ်ဟတ်ပတ်ခ်ကွင်းပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိလာချိန် သူ့ရဲ့အရည်အသွေးကိုပေါ်လွင်စေမယ့် ကောင်းမွန်တဲ့ကစားဟန်နဲ့အတူ နှစ်ဂိုးသွင်းယူကာ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
မာရက်စ်ကာက ချာကီရဲ့ကစားကွက်ဖန်တီးမှုအမြင်နဲ့အတူ ပြိုင်ဘက်ကွင်းလယ်ကစားသမားဝါတန်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းအပေါ် ချီးကျူးခဲ့ပါတယ်။
မန်စီးတီးနည်းပြက "ဘောလုံးမရှိတဲ့အချိန်မှာ သူ့ရဲ့ကစားပုံက တကယ့်ကို မယုံနိုင်စရာ ကောင်းပါတယ်။ လူတိုင်းက သူ့ရဲ့အရည်အသွေးကို သိကြပေမဲ့ ဘောလုံးမရှိတဲ့အချိန်မှာပါ သူက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ပါတယ်" လို့ ပြောပါတယ်။
"သူက ဝါတန်ကို ကောင်းကောင်း တာဝန်ယူထိန်းချုပ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို ကူညီပေးနေသလို အနာဂတ်မှာလည်း ကူညီပေးသွားပါလိမ့်မယ်။ သူက အရည်အသွေးရှိတဲ့ ကစားသမားဆိုတာ ကျွန်တော်တို့ သိပါတယ်။
ဘောလုံးမရှိတဲ့အချိန်မှာ သူက တကယ့်ကိုကောင်းမွန်ခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့တယ်လို့ ထင်ပါတယ်" လို့ မာရက်စ်ကာက ဆိုပါတယ်။