နှစ်နှစ်သဘောတူစာချုပ်ဖြင့် ဘာနာဒိုဆေးလ်ဗားကို တရားဝင်ခေါ်ယူလိုက်ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းကြေညာ
ရီးရဲလ်မက်ဒရစ်အသင်းက ဘာနာဒိုဆေးလ်ဗားကို နှစ်နှစ်သက်တမ်းရှိသဘောတူညီမှုနဲ့အတူ ကစားသမားသစ်အဖြစ် ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားက အခုဇွန် ၃၀ ရက်၊ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန် စပိန်ကလပ်အသင်းကြီးဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပူးပေါင်းလာပါလိမ့်မယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားကို ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့လည်း စိတ်ဝင်စားခဲ့ကြပေမဲ့ မော်ရင်ဟိုရဲ့ဆွဲဆောင်မှုကြောင့် ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ ဘာနာဒိုဆေးလ်ဗားကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က ၂၀၂၈ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ သက်တမ်းရှိမယ့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပါတယ်" လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘာနာဒိုဆေးလ်ဗားက ကိုနာတေး၊ ဒမ်ဖရီးစ်၊ ကူကူကူရယ်လာတို့ပြီးရင် မက်ဒရစ်အခြေစိုက်ကလပ်ဆီ ပူးပေါင်းလာမယ့် နောက်ဆုံးကစားသမားဖြစ်ပြီး မန်စီးတီးနဲ့ကိုးနှစ်ကြာပတ်သက်မှုကို အဆုံးသတ်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ရာသီဆက်ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် အသင်းဆီပြန်လည်ရောက်ရှိလာသူမော်ရင်ဟိုရဲ့ဦးဆောင်မှုအောက်မှာ ပြန်လည်တည်ဆောက်သွားနိုင်ဖို့ အမှန်တကယ်လိုအပ်နေပါတယ်။ တဖက်မှာလည်း ဆေးလ်ဗားက အသင်းနဲ့အတူ ဆုဖလားအောင်ပွဲတွေဆွတ်ခူးနိုင်ဖို့အတွက် မျှော်လင့်နေပါလိမ့်မယ်။