ဘိုင်ယန်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ ပယ်လင်ဟာ
ဖူလ်ဟမ်ကနေ ဘိုင်ယန်ကိုအပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးနောက် ကွင်းလယ်လူ ပယ်လင်ဟာက ဘိုင်ယန်ကိုပြောင်းရွှေ့ရတဲ့ ဆုံးဖြတ်ချက်အကြောင်း ရှင်းပြလိုက်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းကတည်းက ပေါ်တူဂီသားဟာ ဘိုင်ယန်ကို ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဖူလ်ဟမ်မှာဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပယ်လင်ဟာတစ်ယောက် ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဖွင့်ဟလာခဲ့ပါတယ်။
ဘိုင်ယန်ဟာ တူချယ်နေရာမှာ ကွန်ပနီနဲ့ အစားထိုးခဲ့ပေမယ့် ပစ်မှတ်တွေကိုတော့ မပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ဘက်က ကမ်းလှမ်းမှုတော်တော်များများလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ပြီးခဲ့တဲ့အပတ်ကမှ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ ဘိုင်ယန်တို့ကြား ပေါင် ၄၂ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောကြားခဲ့ပါတယ်။
“အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်ဘဝရဲ့အပျော်ရွှင်ရဆုံး နေ့တစ်နေ့ပါပဲ။ အဲ့တာက ကစားသမားတိုင်း ဂုဏ်ယူမိစေပါတယ်။ ငယ်ငယ်ကတည်းက ဘိုင်ယန်မှာ ကစားချင်ခဲ့တာပါ။ ကျွန်တော် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ဆုဖလားတွေအများကြီး ရယူချင်ပါတယ်”လို့ ပယ်လင်ဟာက ပြောကြားခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ အရေးကြီးပါတဲ့ ကစားသမားတစ်ဦးကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဆေးလ်ဗားအနေနဲ့ ပေါ်တူဂီသားနေရာမှာ အစားထိုးမယ့် ကစားသမား ရှာဖွေရဖွယ်ရှိနေပါတယ်။
သတင်းတွေအရ ဖူလ်ဟမ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ တိုမီနေးကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖလူမီးနီးစ်ကွင်းလယ်လူ အန်ဒရီကိုလည်း ချိတ်ဆက်နေပြီး ကစားသမားကိုယ်တိုင်ကတော့ တူရကီမြေက စိတ်ဝင်စားမှုတွေကို ပယ်ချကာ ပရီးမီးယားလိဂ်ကို ပြောင်းလာချင်နေပါတယ်။