The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို သက်သေပြနိုင်ခဲ့တယ်လို့ အီဘရယ်လ်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အနိုင်ယူခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲမက်စ်အီဘရယ်လ်က ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဥရောပထိပ်တန်းကလပ်အသင်းနှစ်ခုရဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ၂-၃ ဂိုးဖြင့်ရှုံးနိမ့်နေရာမှ ၄-၃ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပြီး နှစ်ကျော့ပေါင်းရလဒ် ၆-၄ ဂိုးဖြင့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အီဘရယ်လ်က "ဒါက ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ အဟန့်အတားတစ်ခုပါပဲ" လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက "ကျွန်တော်တို့တွေ ပွဲထဲကို အမြဲတမ်းပြန်ဝင်လာနိုင်လေ့ရှိပါတယ်။ ပွဲအစပိုင်း အခြေအနေမဟန်ခဲ့မှုက ကျွန်တော်တို့ကို သက်ရောက်မှုရှိခဲ့ပေမဲ့ အမြန်ဆုံးပဲ ပြန်ပြီး နာလန်ထူနိုင်ခဲ့ပါတယ်။ ဒါက အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဘယ်လောက်ကြံ့ခိုင်တယ်ဆိုတာကို ပြသနေတာပါ။ ကျွန်တော်တို့ ဘောလုံးကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိသလို၊ အဓိကအားဖြင့် အခြေအနေတွေအပေါ်တုံ့ပြန်ပုံနဲ့ တည်တည်ငြိမ်ငြိမ်ကစားနိုင်ပုံကတော့ အားလုံးထက်ကို သာလွန်ပါတယ်" လို့ ဆိုပါတယ်။

ဒေါ့မွန်ရဲ့ရလဒ်တွေအပေါ် မူတည်ပြီး ဘိုင်ယန်မြူးနစ်က အခုသီတင်းပတ်ကုန်ပိုင်းမှာတင် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖွယ်ရှိလို့ ပြီးပြည့်စုံတဲ့ရက်သတ္တပတ်တစ်ခု ပိုင်ဆိုင်နိုမယ့် အလားအလာ ရှိနေပါတယ်။

"ဒါဟာ တကယ်ကို ခမ်းနားတဲ့နိဂုံးတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့လည်း အီဘရယ်လ်က Kicker သတင်းဌာနကို ပြောကြားခဲ့ပါတယ်။