The network connection is lost.

Banner Image

လီဗာပူးကြယ်ပွင့်အန်ဂူမိုဟာကို ချီးကျူးလိုက်ပြီး တောက်ပတဲ့အနာဂတ် ပိုင်ဆိုင်ထားသူလို့ ဟောကိန်းထုတ်လိုက်တဲ့ ရောဘတ်ဆန်

အန်ဖီးလ်ကွင်းမှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ရောဘတ်ဆန်က သူ့ဆီဘောလုံးပေးဖို့ပြောတာကို နားမထောင်ဘဲ အံ့အားသင့်စရာလှပတဲ့သွင်းဂိုးတစ်ဂိုးသွင်းယူသွားတဲ့ လူငယ်ကစားသမားလေးရီယိုအန်ဂူမိုဟာကို ချီးကျူးပြောဆိုလိုက်ပါတယ်။

စကော့တလန်ဝါရင့်နောက်ခံလူက အသက် ၁၇ နှစ်အရွယ်လူငယ်လေးကို သူ့ဆီ ဘောလုံးပေးဖို့တောင်းဆိုခဲ့ပေမဲ့ အန်ဂူမိုဟာရဲ့ပြောင်မြောက်တဲ့အဆုံးသတ်ပိုင်းကြောင့် သူမှားသွားခဲ့တယ်ဆိုတာကို ဝမ်းသာအားရ၀န်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒုတိယအကြိမ်ပွဲထွက်ခွင့်ရရှိလာတဲ့ ဒီလူငယ်ကစားသမားလေးက ပွဲကစားချိန် ၃၆ မိနစ်မှာပဲ ဂိုးဧရိယာအတွင်းဆီ ဖြတ်ဝင်ပြီး ဂိုးထောင့်ဆီ လှလှပပကန်သွင်းကာ အသင်းအတွက် အဖွင့်ဂိုးကို ရယူပေးနိုင်ခဲ့ပြီးနောက်သူ့ရဲ့နာမည်ကျော်ကြားမှုကို ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။

“သူက တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ တစ်ခါတလေမှာ ဝါရင့်ကစားသမားတွေ ပြောတာကို နားမထောင်တာက ပိုကောင်းတယ်ဆိုတာ သူက သက်သေပြလိုက်တာပါ။ ကျွန်တော်ကတော့ သူ့ရဲ့ဘေးမှကပ်လိုက်လာပြီး ဘောလုံးပေးလို့ သူ့ကို အော်ပြောနေခဲ့တာပါ” လို့ ရောဘတ်ဆန်က ပြောပါတယ်။

“ဒါပေမဲ့ သူကတော့ ဂိုးဧရိယာထဲဖြတ်ဝင်၊ အပိုင်ကန်သွင်းပြီး အဆုံးသတ်သွားခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းက တကယ်ကိုကောင်းမွန်ပါတယ်။ သူက သင်ယူမှုလည်းရှိပြီး စီနီယာတွေပြောတာကိုလည်း နားထောင်တတ်တဲ့ ကလေးလေးတစ်ဦးပါ။ အန်ဂူမိုဟာ၊ အန်ယိုနီတို့နဲ့ အတူတူတွဲလုပ်ရတာ တကယ်ကို စိတ်ချမ်းသာဖို့ကောင်းပြီး သူတို့က အသင်းဖော်တွေ ပြောတာကိုလည်း အမြဲနားထောင်ကြပါတယ်” လို့ ဆိုပါတယ်။

“သူတို့ အမြဲတိုးတက်လာနေတာကို မြင်နိုင်ပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ်ရှိနေသလို အခုလက်ရှိပြသနေတဲ့ခြေစွမ်းကလည်း တကယ်ကို ကောင်းမွန်နေပါပြီ” လို့ ရောဘတ်ဆန်က ဆက်လက်ပြောကြားခဲ့ပါတယ်။