ဟယ်ရီကိန်းရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ကွန်ပနီ
ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ဟယ်ရီကိန်း ပါဝင်ကစားနိုင်မလားဆိုတာကို နောက်ဆုံးအချိန်ကျမှပဲ ဆုံးဖြတ်သွားမယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက တနင်္လာနေ့ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ခြေကျင်းဝတ်ဒဏ်ရာရရှိထားတဲ့ ဟယ်ရီကိန်းက ဒဏ်ရာမှပြန်သက်လာပြီးနောက် အင်္ဂါနေ့မှာကစားမယ့် ဘာနေဗျူးကွင်းချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထအကျော့အတွက် တနင်္လာနေ့မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပါတယ်။
တနင်္လာနေ့ညနေပိုင်းသတင်းစာရှင်းလင်းပွဲမှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ဟယ်ရီကိန်းဟာ ပွဲကစားဖို့ အဆင်သင့်ရှိနေပေမဲ့ ပွဲထွက်ကစားနိုင်ခြင်း ရှိ၊မရှိကိုတော့ အင်္ဂါနေ့ကျမှပဲ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။
"ဒီနေ့ သူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာက အရေးကြီးပါတယ်။ သူ့ရဲ့ကစားဟန်တွေ ပျက်သွားပြီလို့ ကျွန်တော် မထင်ပါဘူး။ မနက်ဖြန်အထိ စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်ပါ့မယ်။ ဒီပွဲက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဟယ်ရီကိန်း သိပါတယ်။ သူကိုယ်တိုင်လည်း ပွဲထွက်ဖို့ အဆင်သင့်ဖြစ်၊ မဖြစ် ပြောရပါလိမ့်မယ်။ မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့ ကွန်ပနီက ပြောပါတယ်။
လက်ရှိမှာ ကွန်ပနီရဲ့အသင်းက ကစားသမားအင်အား အပြည့်အစုံနီးပါး ရှိနေပါတယ်။
"ဆဗန်အူရစ်ခ်ျ တစ်ဦးလောက်ပဲ လွဲဖို့ရှိပြီး ကျန်တဲ့သူတွေအားလုံး အဆင်သင့်ပါပဲ။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိသလို ပွဲတွေအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ" လို့ ကွန်ပနီက ဆိုပါတယ်။
နည်းပြတစ်ဦးအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရမယ့်အပေါ် ကွန်ပနီက "မနက်ဖြန်ပွဲမှာ အရာအားလုံးက အရေးကြီးပါတယ်။ နည်းပြတစ်ဦးအဖြစ် ဘာနေဗျူးဆီရောက်ရှိလာတယ်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ အခုလိုပွဲစဉ်မျိုးအတွက် အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ရလဒ်ပိုင်းဆိုတာ နည်းဗျူဟာပိုင်းအပေါ် မူတည်သလို ကစားသမားတစ်ဦးချင်းစီရဲ့စွမ်းဆောင်ရည်အသေးစိတ်အပေါ်မှာလည်း မူတည်နေပါတယ်။ ကျွန်တော်တို့တွေ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ဖို့ သေချာပြင်ဆင်ထားသလို မန်စီးတီးကို သူတို့တွေ ဘယ်လိုကစားသွားတယ်ဆိုတာကိုလည်း လေ့လာထားပါတယ်။ ဒါက အခက်ခဲဆုံးအဝေးကွင်းပွဲစဉ်ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့ အနိုင်ရရှိချင်ပါတယ်" လို့ ဆိုပါတယ်။