
တော့တင်ဟမ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ နည်းပြသစ် ဖရန့်ခ်
နည်းပြသစ် ဖရန့်ခ်ဟာ သူ့ရဲ့ ပထမဆုံးပွဲမှာပင် တော့တင်ဟမ်ကို နာမည်ကျော် အနိုင်ပွဲတစ်ပွဲ ဆင်နွှဲပေးနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပြီး ပထမပိုင်းမှာ မစ်ကီ ဗန်ဒီဗင်း နဲ့ ခရစ္စတီယန် ရိုမဲရိုးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားပိုင်ရှင် ပီအက်စ်ဂျီက ဒုတိယပိုင်းမှာ ချေပနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ လီကန်အင်ရဲ့ ကန်သွင်းချက်ကြောင့် ချေပဂိုးရသွားပြီးနောက် ဂွန်ကာလို ရာမို့စ်ကလည်း နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားခဲ့ပါတယ်။
ပင်နယ်တီမှာတော့ ပီအက်စ်ဂျီအတွက် ပထမဆုံးကန်သွင်းခဲ့တဲ့ ဗီတင်ဟာ လွဲချော်ခဲ့ပေမဲ့ လူကပ်စ် ချေဗာလီယာက ဗန်ဒီဗင်းရဲ့ ကန်သွင်းချက်ကို ကာကွယ်ခဲ့ပါတယ်။ ပြီးတော့ မက်သစ် တယ်လ်ကလည်း လွဲချော်သွားခဲ့လို့ ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနှစ်အတွက် ၅ လုံးမြောက်ဖလားကို ရရှိခဲ့ပါတယ်။
နူနို မန်ဒက်စ်ကတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ ယုံကြည်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ ရှင်းလင်းနေခဲ့ပါတယ်။ သူ့ရဲ့ ကန်သွင်းချက်က ပိုက်ကွန်နောက်ကျောကို စုတ်ပြဲသွားမတတ်ဖြစ်အောင် ကန်သွင်းခဲ့တာကြောင့် ဂူဂလီရယ်လ်မို ဗစ်ကာရီ လှုပ်တောင် မလှုပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ပွဲတစ်ပွဲလုံးမှာ ပီအက်စ်ဂျီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ဒါဟာ တော့တင်ဟမ်အသင်းအတွက် အားရစရာညတစ်ည ဖြစ်ခဲ့ပါတယ်။ ပိုစတီကိုဂလူကို ထုတ်ပယ်လိုက်ပြီးနောက် နွေရာသီမှာ အပြောင်းအလဲတွေ လုပ်ခဲ့ရတာကြောင့် အသင်းရဲ့ ပြင်ဆင်မှုတွေက သိပ်ပြီးတော့ အဆင်မပြေခဲ့ပါဘူး။
တော့တင်ဟမ်ရဲ့ ခေါင်းဆောင်အဖြစ် ရိုမဲရိုးကို ပွဲမစခင် နာရီအနည်းငယ်အလိုမှာ ကြေညာခဲ့ပါတယ်။ မိုဟာမက် ကူဒက်စ်၊ တယ်လ်၊ ကယ်ဗင် ဒန်ဆို၊ လူကာ ဗက်စ်ကိုဗစ်၊ ကိုတာ တာကိုင်းနဲ့ ဂျိုအာအို ပယ်လင်ဟာတို့ကတော့ ဒီအပြောင်းအရွှေ့မှာ တော့တင်ဟမ်အသင်းနဲ့ အပြီးသတ် သဘောတူညီမှု ရခဲ့ကြပါတယ်။
ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အီဇီနဲ့ မန်စီးတီးအသင်းရဲ့ ဆာဗင်ဟိုတို့ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဖရန့်ခ်ကတော့ “ကျွန်တော်တို့က အသင်းကို ပိုပြီး အင်အားဖြည့်တင်းချင်ပါတယ်။ ဒါကတော့ သံသယဖြစ်စရာမရှိပါဘူး”
“ကျွန်တော်တို့ အဲ့ဒါကို လုပ်နိုင်မလားဆိုတာ ကြည့်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ ယေဘုယျအားဖြင့်တော့ လက်ရှိ လူစာရင်းကို ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့တိုင်းမှာတော့ အပြီးတိုင်မပိတ်ခင် အသင်းကို ပိုပြီးတော့ အင်အားဖြည့်တင်းနိုင်မလားဆိုတာ ကြည့်ချင်ကြတာပါပဲ။ ကျွန်တော်တို့ကတော့ အဲ့ဒါကို ကြိုးစားလုပ်ဆောင်နေပါတယ်” လို့ TNT Sports ကို ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ လူးဝစ်အင်းနရစ်ကလည်း သူ့အသင်းက ပင်နယ်တီနဲ့ နိုင်ခဲ့ပေမဲ့ တော့တင်ဟမ်အသင်းက အနိုင်ရဖို့ ပိုပြီး “ထိုက်တန်တယ်” လို့ ဝန်ခံခဲ့ပါတယ်။ ဖရန့်ခ်ကတော့ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် “ဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။
“ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်းနဲ့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကျွန်တော်တို့ ကစားခဲ့ပါတယ်။ကျွန်တော်တို့ သူတို့ကို ၈၀ ကျော်မိနစ်အထိ လိုချင်တဲ့ နေရာကို ရောက်အောင် ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂-၁ ဂိုးက အခြေအနေကို ပြောင်းပြန်လှန်ခဲ့ပါတယ်”
“အားသာချက်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်က အသင်း၊ ကစားသမားတွေ၊ ကလပ်နဲ့ ပရိသတ်တွေကို ဂုဏ်ယူမိပါတယ်။ ပျော်စရာကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ကို ရောက်သွားတဲ့အခါမှာတော့ ဒါဟာ ကံတရားပါပဲ” လို့ တော့တင်ဟမ်နည်းပြက ထပ်လောင်းပြောခဲ့ပါတယ်။
နည်းပြ ဖရန့်ခ်ရဲ့ အဆိုအရတော့ ပထမပိုင်းရဲ့ စွမ်းဆောင်ရည်ကတော့ အားလုံးရဲ့ ကဏ္ဍတိုင်းမှာ “ပြီးပြည့်စုံလုနီးပါး” ဖြစ်ခဲ့ပါတယ်။ “ကျွန်တော်တို့က လိုက်လျောညီထွေဖြစ်အောင်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ဆိုရင် အဲ့ဒါမျိုးလုပ်ဖို့ လိုအပ်ပါတယ်”
“ခံစစ်ကစားပုံကို မြင့်မြင့်ဖိအားပေးတာရော၊ နိမ့်နိမ့်ဆင်းကစားတာရော အထူးကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းကတော့ ထိပ်တန်း အဆင့်ဖြစ်ခဲ့ပြီး ပြီးပြည့်စုံလုနီးပါးပါပဲ” လို့ ဖရန့်ခ်က ဆက်ပြောခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြဟောင်းကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ပိုစတီကိုဂလူဆီကနေ ရာထူးလွှဲပြောင်းယူပြီးနောက် သူ့အသင်းရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ တိုးတက်လာခဲ့တယ်လို့လည်း ခံစားမိပါတယ်။
“ထောင့်ကန်ဘောတွေကလည်း အရမ်းကို ကောင်းမွန်ပြီး အန္တရာယ်လည်း ရှိခဲ့ပါတယ်” “ဒါက အဓိကကျပါတယ်။ ဘယ်အသင်းအတွက်မဆို ဒါဟာ လက်နက်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါက အရေးကြီးတဲ့ ကဏ္ဍဖြစ်နေတာကြောင့် ကျွန်တော်တို့က အဲ့ဒီအပေါ်ကို သေချာပေါက် အာရုံစိုက်သွားပါမယ်” လို့ ဖရန့်ခ်က ပြောဆိုသွားပါတယ်။