The network connection is lost.

Banner Image

ဖူလ်ဟမ်ကို အနိုင်ယူပြီးနောက် ပီအက်စ်ဂျီနဲ့ပွဲစဉ်မတိုင်ခင် အရှိန်အဟုန်ကောင်းရရှိလာဖို့ မျှော်လင့်နေတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်ကြောင့် ရှုံးပွဲဆက်နေမှုနဲ့အတူ စိတ်ဓါတ်ပိုင်းယိုယွင်းနေမှုကို ပြန်ပြုပြင်ပေးနိုင်ခဲ့တယ်လို့ ပြောကြားပြီးနောက် ဘောလုံးရာသီအတွက် အဆုံးအဖြတ်ရက်သတ္တပတ်မတိုင်ခင် ပထမဆုံးခြေလှမ်းသာဖြစ်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

အခုပွဲစဉ်မှာ အသက် ၁၇ နှစ်အရွယ်လူငယ်ကစားသမား အန်ဂူမိုဟာက အဖွင့်ဂိုးကို လှလှပပ သွင်းယူခဲ့ပြီးနောက် မိုဟာမက်ဆာလက်က ဒုတိယဂိုးကို ခပ်မြန်မြန်ပဲ သွင်းယူပေးနိုင်ခဲ့လို့ နှစ်ဂိုးပြတ်နိုင်ပွဲနဲ့အတူ လီဗာပူးတို့ အမှတ်ပေးဇယားပဉ္စမနေရာမှာ ဆက်ရှိနေပါတယ်။ အင်္ဂါနေ့မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မတိုင်ခင် အခုနိုင်ပွဲက အရှိန်အဟုန်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ အန်းစလော့က မျှော်လင့်နေပါတယ်။ 

အန်းစလော့ရဲ့လီဗာပူးအသင်းက ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ပရီးမီးယားလိဂ်နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့သလို၊ ပီအက်စ်ဂျီနဲ့ ပထမအကျော့မှာလည်း ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အခြေအနေတွေ ဆိုးရွားနေခဲ့ပါတယ်။

အသင်းအတွင်း အခြေအနေတွေ တိုးတက်လာတယ်ဆိုတာကို လက်ခံပေမဲ့ အန်းစလော့က "လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက် ဒါမှမဟုတ် တစ်ပတ်ထက်စာရင် အခြေအနေတွေ ပိုကောင်းလာပါပြီ၊ ဒါပေမဲ့ တစ်ပွဲနိုင်လိုက်ရုံနဲ့ အရာအားလုံး ပြန်ကောင်းသွားပြီလို့တော့ မဆိုလိုပါဘူး" လို့ သတိပေးစကားပြောခဲ့ပါတယ်။ 

နယ်သာလန်လူမျိုးနည်းပြက စနေနေ့အိမ်ကွင်းစဉ်မှာ အားရပါးရအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ချီးကျူးခဲ့ပြီး လာမယ့်သီတင်းပတ်၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် အန်ဖီးလ်ကွင်းပွဲစဉ်မှာလည်း အလားတူပုံစံမျိုး ထပ်မံပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

"ဒါဟာ လိဂ်အတွက်တင်မဟုတ်ဘဲ အင်္ဂါနေ့ပွဲစဉ်အတွက်ပါ အရမ်းအရေးကြီးတဲ့ နိုင်ပွဲပါ။ ကစားသမားတွေအတွက်ရော ပရိသတ်တွေအတွက်ပါ အရေးပါပါတယ်။လေးဂိုးပြတ်ရှုံးနိမ့်မှုတွေ၊ နှစ်ဂိုးပြတ်ရှုံးနိမ့်မှုတွေအပြီးမှာ အခုလိုနိုင်ပွဲက လူတိုင်းအတွက် လိုအပ်နေပါတယ်" လို့ အန်းစလော့က BBC ကို ပြောပါတယ်။

"အင်္ဂါနေ့ပွဲစဉ်မှာ ကျွန်တော်တို့အတွက် ပရိသတ်တွေ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ ပါရီကွင်းမှာ ပရိသတ်တွေ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ခက်ခဲခဲ့ပါတယ်။ အန်ဖီးလ်ကွင်းက အသင်းရဲ့ခြေစွမ်းကို နောက်တစ်ဆင့်ရောက်အောင် မြှင့်တင်ပေးနိုင်တယ်ဆိုတာ အကြိမ်ကြိမ် ပြသခဲ့ဖူးပါတယ်။ အခုလည်း အဲဒါမျိုး ထပ်လိုချင်ပါတယ်။ ပွဲမစခင် နာရီဝက်လောက်ကတည်းက ကစားသမားတွေအတွက် ပရိသတ်တွေရဲ့အားပေးမှုကို လိုအပ်နေဖို့ရှိသလို ဒါ ထူးခြားတဲ့ညတစ်ခု ဖြစ်လာမယ်ဆိုတာကိုလည်း ခံစားမိဖို့ လိုပါတယ်" လို့ သူက ဆက်ပြောပါတယ်။ 

အသက် ၁၇ နှစ်အရွယ် အန်ဂူမိုဟာက လီဗာပူးသမိုင်းတစ်လျှောက် အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးပရီးမီးယားလိဂ်ကစားသမား ဖြစ်လာခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေကိုယ်တိုင် ပီအက်စ်ဂျီနဲ့ပွဲစဉ်အတွက် ဒီလူငယ်လေးကို ပွဲထွက်ခွင့်ပေးမလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

အန်းစလော့ကလည်း အန်ဂူမိုဟာရဲ့သမိုင်းဝင်ဂိုးကို ချီးကျူးခဲ့ပြီး "သူ့ရဲ့ အားသာချက်တစ်ခုက တစ်ဦးချင်းယှဉ်ပြိုင်မှုတွေမှာ အသာစီးရယူနိုင်တာပါ။ ဒီရာသီမှာ သူ့ကို ပွဲချိန်ပိုပေးလာခဲ့သလို သူကလည်း ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။ သူကစားတဲ့အခါ တကယ်ကို ကောင်းကောင်းကစားနိုင်ပြီး ဒီနေ့မှာတော့ ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ဂိုးသွင်းနိုင်ဖို့က အရမ်းအရေးကြီးပါတယ်" လို့ အန်ဂူမိုဟာရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်ကို မြွက်ဟခဲ့ပါတယ်။ 

ကိုးနှစ်ကြာအောင်မြင်မှုတွေ ရယူပေးပြီးနောက် ရာသီကုန်မှာ အသင်းမှထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် အန်ဖီးလ်မှာ ပထမဆုံးအကြိမ်ကစားတဲ့ပွဲစဉ်အတွင်း မိုဆာလက်ဂိုးသွင်းယူနိုင်ခဲ့လို့ ပရိသတ်တွေကိုယ်တိုင် သူ့နာမည်ကို သံပြိုင်အော်ဟစ်အားပေးခဲ့ကြပါတယ်။ 

"မိုဆာလက်အတွက် အခုလိုဂိုးသွင်းနိုင်တယ်ဆိုတာ အရေးကြီးသလို အသင်းနဲ့ ကလပ်အတွက်လည်း အခုနိုင်ပွဲက ပိုပြီးတော့ အရေးကြီးပါတယ်။ သူအမြဲလုပ်နေကျအတိုင်း ခြေဖဝါးအတွင်းပိုင်းနဲ့ ဂိုးထောင့်ထဲကို ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့ပြီး သူ့အတွက်ရော အသင်းအတွက်ပါ အရေးကြီးတဲ့ဂိုးဖြစ်လို့ ကျွန်တော် ဝမ်းသာပါတယ်" လို့ အန်းစလော့က ပြောကြားခဲ့ပါတယ်။