The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်မှာ သူနဲ့ထိုက်တန်တဲ့အခွင့်အရေးတွေ မရခဲ့ဘူးလို့ ဖွင့်ဟပြောကြားလာတဲ့ ပယ်လင်ဟာ

တော့တင်ဟမ်မှာ တစ်ရာသီအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ဂျာအိုပယ်လင်ဟာက သူဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ သူနဲ့ထိုက်တန်တဲ့အခွင့်အရေးတွေမရခဲ့ကြောင်းနဲ့ စိတ်ပျက်စရာရာသီတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယခုအခါမှာတော့ ပေါ်တူဂီလက်ရွေးစင်ဟာ တော့တင်ဟမ်သို့အငှားနဲ့ထွက်ခွာပြီးနောက် ပရီးမီးယားလိဂ်မှာ ထိပ်တန်းခြေစွမ်းကို ပြန်လည်ရရှိနေပြီဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားအဖြစ် ပြန်လည်ရပ်တည်နေပြီဖြစ်ပါတယ်။

ပယ်လင်ဟာဟာ ယခုရာသီမှာတော့တင်ဟမ်အတွက်ပြိုင်ပွဲစုံ ၁၁ ပွဲပါဝင်ကစားထားပြီး ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ သူ့ရဲ့ခြေစွမ်းအစစ်အမှန်တွေကိုထုတ်ပြထားနိုင်တာကြောင့် ရာသီကုန်မှာတော့ တော့တင်ဟမ်အနေနဲ့ ကစားသမားကို ဘိုင်ယန်မြူးနစ်ထံမှပေါင် ၂၅ သန်းနဲ့အပြီးသတ်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ 

ဘိုင်ယန်မြူးနစ်ဟာ အသက်-၃၀ နှစ်အရွယ်ကစားသမားကို ၂၀၂၄ နွေရာသီမှာ ဖူလ်ဟမ်မှ ပေါင် ၄၇ သန်းနဲ့ဝယ်ယူခဲ့ပြီး ၂၀၂၄-၂၅ ရာသီအတွင်း ပွဲထွက်ခွင့် ၁၀ ပွဲနဲ့ စုစုပေါင်း ၂၅ ပွဲသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပယ်လင်ဟာအနေနဲ့လည်း ဘွန်ဒက်စ်လီဂါမှာခြေစွမ်းပြဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏအနားယူခဲ့ရပြီး ယခုအခါမှာ အင်္ဂလန်သို့ တကျော့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါ အိုင်ယာလန်၊ ဟန်ဂေရီတို့နဲ့ယှဉ်ပြိုင်သွားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပယ်လင်ဟာက " ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် လက်ရွေးစင်အသင်းနဲ့အတူ ဒဏ်ရာရခဲ့တာက ပိုဆိုးပါတယ်။ ကျွန်တော်မျှော်လင့်ထားတာထက် ပိုအနားယူခဲ့ရပြီး ဒဏ်ရာက ပြန်လာနိုင်ချိန်မှာလည်း ထိုက်တန်တဲ့အခွင့်အရေးတွေ မရခဲ့ပါဘူး"

"လက်ရွေးစင်အသင်းမှာရွေးချယ်ခံရဖို့က ကလပ်အသင်းကစွမ်းဆောင်ရည်အပေါ်မှာမူတည်နေပါတယ်။ ကျွန်တော်အခု တော့တင်ဟမ်မှာပျော်နေပါပြီ။ အသင်းသစ်၊ ပရောဂျက်အသစ်နဲ့ရှေ့ဆက်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်အရင်ကတည်းက ကစားခဲ့ဖူးပါတယ်။ ဘောလုံးမှာ အခိုက်အတန့်တွေကိုတန်ဖိုးထားဖို့လိုပါတယ်။ ဒီအခိုက်အတန့်တွေမှာပဲ ကျွန်တော်ပျော်အောင်နေသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ဂျာမနီမြေမှာ ကျရှုံးခဲ့ရတဲ့ ပယ်လင်ဟာကို တော့တင်ဟမ်မှာတော့ နည်းပြ သောမတ်စ်ဖရန့်ခ်က အကောင်းဆုံးပုံစံပြန်လည်ရရှိအောင်ကူညီပေးထားနိုင်ပြီး ပွဲထွက်ခွင့်အတွက်လည်း အခွင့်အရေးပေးထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ပယ်လင်ဟာက "ကျွန်တော်အတိတ်မှာမရခဲ့တဲ့အခွင့်အရေးတွေကို အခုဒီမှာရနေပါပြီ။ တော့တင်ဟမ်ကိုခေါ်ယူခဲ့ကြတဲ့သူတွေအပေါ်မှာလည်း ကျွန်တော်ယုံကြည်ချက်ရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကိုအင်္ဂလန်ပြန်ခေါ်ပြီး နေရာပေးခဲ့တဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ပေါ်တူဂီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အိုင်ယာလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပယ်လင်ဟာတစ်ယောက် ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာမလား အရန်အနေနဲ့ပဲ ထပ်မံပါဝင်လာမလား စောင့်ကြည့်ရပါမယ်။