လီဗန်တေးကိုအနိုင်ယူပြီး လာလီဂါဇယား အဆင့် ၄ နေရာမှာ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ ဗီလာရီးရဲလ်
ဗီလာရီးရဲလ်အသင်းဟာ လီဗန်တေးအသင်းရဲ့ ကွင်းမှာ ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်နေရာကို ပိုပြီးခိုင်မာအောင် လုပ်နိုင်ခဲ့ပါတယ်။ အိမ်ရှင်လီဗန်တေးကတော့ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးနဲ့ ကြုံတွေ့နေရပါတယ်။
ဇယားအောက်ခြေ အဆင့် ၁၉ မှာ ရောက်နေတာရယ်၊ ပွဲထွက်လူစာရင်းကို ၇ ယောက်အထိ ပြောင်းလဲခဲ့တာရယ်ကြောင့် လီဗန်တေးဟာ ပွဲအစပိုင်းမှာ အသာစီးရအောင် ကစားနိုင်ခဲ့ပြီး ပထမ ၁၅ မိနစ်အတွင်းမှာ ဗီလာရီးရဲလ်ကို အတော်လေး အလုပ်ရှုပ်အောင် လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ရှင်အသင်းအတွက် ဒီယေဂို ပမ်ပင် ရခဲ့တဲ့ အခွင့်အရေးတစ်ခုကလွဲလို့ ဂိုးသွင်းဖို့ ကြိုးစားမှုတွေ သိပ်မရှိခဲ့သလို နှစ်သင်းလုံးကလည်း ပြိုင်ဘက်အပေါ် တောက်လျှောက် ဖိအားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
ဧည့်သည်အသင်းအတွက် ပက်ပ် ဂွေယေးနဲ့ အယ်လ်ဘာတို မိုလီရိုတို့က ဂိုးရဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပေမဲ့ လီဗန်တေးရဲ့ ခံစစ် ၅ ယောက်တန်း ပိတ်ဆို့ထားမှုကြောင့် ဗီလာရီးရဲလ်ရဲ့ တိုက်စစ်ဆင်မှုတွေဟာ အရာမထင်ခဲ့ပါဘူး။
တကယ်တော့ ဗီလာရီးရဲလ်ဟာ ပွဲချိန် ၂၈ မိနစ်ရောက်မှ ပေါ နာဗာရိုကတစ်ဆင့် ပထမဆုံး ဂိုးပေါက်ကန်ချက် စတင်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီကန်ချက်ကလည်း ဂိုးပေါက်နဲ့ ဝေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်မိနစ်အကြာမှာတော့ မိုလီရိုရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင် ထိခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာတော့ အာယိုဇီ ပီးရက်ဇ်ရဲ့ ပြေးရင်းကန်သွင်းမှုကတစ်ဆင့် ဗီလာရီးရဲလ်ဟာ ပထမဆုံး ဂိုးပေါက်တည့်တဲ့ ကန်ချက်ကို ရရှိခဲ့ပါတယ်။ ပွဲက သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းတာကြောင့် အက်စတာဒီယို စီယူဒက် ဒီ ဗလင်စီယာ ကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သလောက် ဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဂွေယေးက အဝေးကနေ ကန်သွင်းခဲ့ပြီး တစ်ဖက်မှာလည်း လူဝစ် ဂျူနီယာက ပါကို ကော်တက်စ်ရဲ့ အကောင်းဆုံး ကန်ချက်ကို ညာဘက်သို့ ပျံဝဲပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေ ကျယ်လောင်လာတာနဲ့အမျှ လီဗန်တေးက ပိုပြီး အရှိန်မြှင့်ကစားလာပါတယ်။ ဒါပေမဲ့ ဒါကပဲ ဗီလာရီးရဲလ်ကို နိုးကြားလာစေခဲ့ပြီး အိမ်ရှင်ဂိုးသမား မက်သရူး ရိုင်ယန် နေရာလွတ်ပေးလိုက်မိချိန်မှာ ဂျော့ဂျ်စ် မိကော့တက်ဇ်က အဖွင့်ဂိုးကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အိမ်ရှင်အသင်းက ချေပဂိုးရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပွဲပြီးခါနီးမှာ ကားလ် အက်တာ အီယောင်း လဲကျသွားလို့ ပင်နယ်တီ တောင်းဆိုခဲ့ပေမဲ့ ဒိုင်လူကြီးက ပယ်ချခဲ့ပါတယ်။
ဗီလာရီးရဲလ်အနေနဲ့ ဒုတိယဂိုး ထပ်ရပြီး ပွဲကို အပြတ်သတ် အဆုံးသတ်နိုင်ခဲ့သင့်ပေမဲ့ မိကော့တက်ဇ်ရဲ့ ကန်ချက်ကို အက်ဒရီယန် ဒီ လာ ဖူရန်တေးက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လီဗန်တေးဟာ ချေပဂိုး မရရှိခဲ့တာကြောင့် လာလီဂါဇယားအောက်ခြေမှာပဲ ဆက်ရှိနေပြီး ဘေးကင်းရာဇုန်နဲ့ ၇ မှတ်အကွာမှာ ဒုက္ခရောက်နေပါတယ်။ နောက်ပွဲမှာလည်း ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ ဘာစီလိုနာနဲ့ ကစားရမှာဖြစ်လို့ သူတို့အတွက် အခြေအနေတွေက ပိုခက်ခဲလာဖို့ပဲ ရှိပါတယ်။
တစ်ဖက်မှာတော့ ဗီလာရီးရဲလ်ဟာ အဆင့် ၅ နေရာက ရီးရဲလ်ဘက်တစ်ထက် ၇ မှတ် အသာရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဂီတာဖေးကို ရှုံးနိမ့်ခဲ့တဲ့ ဒဏ်ရာကနေ အမြန်ဆုံး ရုန်းထွက်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ခုမှာ ဆက်ပြီး ရှိနေပါတယ်။