The network connection is lost.

Banner Image

အာဆင်နယ်အနေနဲ့ ဂျီးဆပ်အပေါ်မှာ ယုံကြည်အားကိုးလို့ရနေကြောင်း အခိုင်အမာပြောကြားလာတဲ့ အာတီတာ

ကြာသပတေးနေ့နံနက်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အတွက် ၃ ဂိုးစလုံးသွင်းယူပေးပြီး ဟက်ထရစ်ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို အသင်းအနေနဲ့ ယုံကြည်အားကိုးလို့ရနေကြောင်း နည်းပြမီခေးလ်အာတီတာက အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ပွဲအစ ၄ မိနစ်မှာပဲ ခရစ္စတယ်ပဲလေ့စ်ရဲ့ဦးဆောင်ခြင်းကိုခံခဲ့ရတဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ သွင်းယူနိုင်ခဲ့တဲ့ ဂျီးဆပ်ရဲ့ဟက်ထရစ်နဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့ပြီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အာတီတာက ဘရာဇီးသားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ကစားသမားဟာ ရာသီတစ်လျှောက်လုံး အသင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားသွားနိုင်လိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ ဂျီးဆပ်ကို အာတီတာက ယခုပွဲစဉ်မှာ ယုံယုံကြည်ကြည်ပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်ကလည်း ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ဟက်ထရစ်ပါသွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှုပြန်လည်ရရှိခဲ့ပြီး အာတီတာအတွက်လည်း စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက “ကျွန်တော်သူ့ရဲ့ခြေစွမ်းကို အရမ်းကျေနပ်ပါတယ်။ ဂိုးသွင်းနိုင်ဖို့ အချိန်အကြာကြီးရုန်းကန်ခဲ့ရတဲ့ သူ့အနေနဲ့ ဒီနေ့ပွဲမှာတော့ ၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ၃ ဂိုးစလုံးကလည်း မတူညီတဲ့ပုံစံတွေနဲ့ပါ။ တကယ်ကိုထက်မြက်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့အတွက်ရော ကလပ်အတွက်ပါ အရမ်းကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့အားလုံး သူ့ရဲ့အရည်အသွေးအပေါ်မှာ ယုံကြည်အားကိုးလို့ရနေပါတယ်။ ဒီလိုအဆင့်အတန်းမှာကစားနိုင်တဲ့ကစားသမားကို ပိုင်ဆိုင်ထားတာ အသင်းအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂျီးဆပ်ဟာ အာဆင်နယ်အတွက် ၁၃ ပွဲပါဝင်ကစားထားပေမယ့် အဆိုပါ ၁၃  ပွဲထဲမှ ၁၁ ပွဲကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ထားရတာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ အသင်းမှာ ပုံမှန်နေရာရဖို့အတွက် တိုက်ပွဲဝင်နေရတာဖြစ်ပြီး အခုလိုဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့လို့ လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားနိုင်ဖို့ အထောက်အကူပြုသွားနိုင်မှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ ၂၂ ရက်နေ့မှာလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ပဲ ထပ်မံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ထပ်မံပုံဖော်သွားနိုင်ဦးမလား စောင့်ကြည့်ရပါမယ်။