The network connection is lost.

Banner Image

ဆေးစစ်မှုခံယူပြီး အာဆင်နယ်သို့ ပေါင် ၄၂ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့တော့မယ့် ကာလာဖီအိုရီ

ဘိုလော့ဂ်နာ နောက်ခံလူ ရီကာဒိုကာလာဖီအိုရီဟာ အာဆင်နယ်သို့ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ အပြီးသတ်လုပ်ဆောင်နေပြီး ယခုအခါမှာ ဆေးစစ်မှုခံယူပြီးတာနဲ့တပြိုင်နက် အမေရိကန်သို့ ခရီးထွက်ခွာသွားတဲ့ အသင်းဖော်တွေနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ အာဆင်နယ်အသင်းဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ကိုရောက်ရှိနေပြီး ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးတို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗဟိုခံစစ် ဒါမှမဟုတ် ဘယ်နောက်ခံနေရာတွေမှာကစားနိုင်တဲ့ စွယ်စုံရကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းခန့်ကုန်ကျသွားဖွယ်ရှိပါတယ်။ ဒါကြောင့် ကာလာဖီအိုရီဟာ ယခုနွေရာသီအတွင်း အာတီတာရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိအောင် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး တောက်ပတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ပါတယ်။ တကယ်လို့ အာဆင်နယ်သာ ကာလာဖီအိုရီကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လက်ရှိ အသင်းရဲ့နောက်ခံလူ ကီဝီအောအနေနဲ့ အင်တာမီလန်သို့ချိတ်ဆက်သွားဖွယ်ရှိနေပါတယ်။


ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အီတလီဟာ ဆွစ်ဇာလန်ကိုရှုံးနိမ့်ပြီး ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ကာလာဖီအိုရီအနေနဲ့လည်း လက်ရှိအချိန်အထိ အနားရနေတာဖြစ်ပါတယ်။ နောက်ခံလူဟာ အီတလီအသင်းအတွက် စုစုပေါင်း ၅ ပွဲ  ပါဝင်ကစားထားပြီး အဲဒီအထဲကမှ ၃ ပွဲဟာ ယူရိုပြိုင်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိနွေရာသီအပြောင်းအရွှေ့အတွင်း အာဆင်နယ်ရဲ့ တစ်ခုတည်းသော ခေါ်ယူမှုမှာ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်မှ အငှားနဲ့လာရောက်ကစားခဲ့ပြီး အခုမှ အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ ဒေးဗစ်ယာရာဖြစ်ပါတယ်။ ကာလာဖီအိုရီရဲ့ စွယ်စုံရစွမ်းဆောင်ရည်တွေက ကစားသမားတွေကို နေရာစုံမှာ အသုံးချလေ့ရှိတဲ့ နည်းပြအာတီတာအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်တာကြောင့် အီတလီသားဟာ အာဆင်နယ်ရဲ့ အရေးပါတဲ့ကစားသမား ဖြစ်လာဖွယ်ရှိပါတယ်။