
ကွန်တီက ထိပ်တန်းနည်းပြတစ်ဦးဖြစ်တယ်လို့ ဟွိုက်လန်း ချီးကျူး
မန်ချက်စတာယူနိုက်တက်မှ နာပိုလီသို့တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက သူဟာ နည်းပြ အန်တိုနီယိုကွန်တီလက်အောက်မှာ ပိုမိုခြေစွမ်းပြသလာနိုင်တာကြောင့် ကွန်တီဟာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ဟွိုက်လန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စီးရီးအေပွဲစဉ်မှာလည်း ဂျီနိုအာဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီး စီးရီးအေမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် ပြန်လည်တောက်ပလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှ နာပိုလီသို့အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ စကော့မက်တိုမီနေးကလည်း ကွန်တီရဲ့ဦးဆောင်မှုနဲ့အတူ အီတလီမြေမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
ယခုအခါမှာ ဟွိုက်လန်းက "ကွန်တီက ထိပ်တန်းနည်းပြတစ်ဦးပါ။ ကျွန်တော်ဒီကိုလာခဲ့တဲ့အကြောင်းပြချက်က ဒီခြေလှမ်းဟာ ကျွန်တော့်အတွက်အရေးကြီးတယ်ဆိုတာ သိနေလို့ပါ။ နာပိုလီက အသင်းကြီးတစ်သင်းဖြစ်ပြီး နေလို့ကောင်းတဲ့နေရာတွေလည်း အများကြီးရှိပါတယ်။ ဒီအသင်းက ကျွန်တော့်ကစားသမားဘဝအတွက် လုံးဝလိုအပ်နေတဲ့အရာပါ" လို့ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကနေထွက်ခွာဖို့ အစီအစဉ်မရှိခဲ့ပေမယ့် ယူနိုက်တက်မှာ တိုက်စစ်ပိုင်း ကစားသမားတွေစုပြုံနေတာကြောင့် နေရာအတွက် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ ဟွိုက်လန်းနဲ့ပတ်သက်ပြီး ကွန်တီကလည်း "သူက ယူနိုက်တက်လိုအသင်းမှာ ဘေးထွက်ထိုင်နေရပေမယ့် အသက်က ၂၂ နှစ်ပဲရှိပါသေးတယ်။ သူ့မှာ တိုးတက်မယ့်အခန်းကဏ္ဍတွေအများကြီးရှိပါသေးတယ်။ ကြယ်ပွင့်တစ်ဦးဖြစ်လာဖို့ အလားအလာအများကြီးရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းဟာ နာပိုလီနဲ့ တစ်ရာသီအငှားစာချုပ်သာချုပ်ဆိုထားပေမယ့် စာချုပ်ပါသဘောတူညီချက်တွေအရ နာပိုလီအနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက ဒိန်းမတ်လက်ရွေးစင်ကို ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူသွားနိုင်မှာဖြစ်ပါတယ်။