တန်ဟတ်ရဲ့မှတ်ချက်တွေကို စကားထဲထည့်ပြောဖို့တောင် အဆင့်မရှိဘူးလို့ စီရော်နယ်ဒို ယူဆထားကြောင်း ပီယာ့စ်မော်ဂန် ဖွင့်ဟ
အဲရစ်တန်ဟတ်ရဲ့ လတ်တလောပြောဆိုချက်တွေကို စီရော်နယ်ဒိုရဲ့စိတ်ဝင်စားမှု လုံး၀ရှိမနေဘူးလို့ ပီယာ့စ်မော်ဂန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိုးထရက်ဖို့ဒ်ဆီ ဒုတိယအကြိမ်လာရောက်ကစားချိန်ကာလမှာ ဘော်လွန်းဒီအော် ၅ ကြိမ်ဆုရှင်က "အသင်းနဲ့ပတ်သက်လို့ စိတ်ပျက်အားလျော့မိတယ်" လို့ ပြောဆိုခဲ့ဖူးပြီး တန်ဟတ်ကလည်း မန်ချက်စတာယူနိုက်တက်မှာအတူရှိခဲ့ချိန် စီရော်နယ်ဒိုရဲ့အခြေအနေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ထပ်မံအရှိန်မြှင့်ခဲ့ပါတယ်။
တန်ဟတ်က ယူနိုက်တက်မှာရှိနေချိန် စီရော်နယ်ဒိုဟာ "အသင်းအတွက် အတိတ်ကာလလို စွမ်းဆောင်ပေးနိုင်ခြင်း မရှိသလို ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန်တွန်းအားပေးနိုင်စွမ်းလည်း မရှိတော့ဘူး"လို့ ပြောပါတယ်။
မော်ဂန်က "စီရော်နယ်ဒိုကို ဒီအကြောင်းမေးကြည့်တော့ တန်ဟတ်အကြောင်း စကားထဲ ထည့်ပြောဖို့တောင် အဆင့်မရှိဘူးလို့ သူက ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဒီလိုမှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် တန်ဟတ်ကို စီရော်နယ်ဒို ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်လိမ့်မယ်လို့ ဘောလုံးပရိသတ်အများစု မျှော်လင့်ခဲ့ကြပါတယ်။ တန်ဟတ်ကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာဆီ သရဲနီတွေ ရောက်ရှိသွားချိန် ယူနိုက်တက်နည်းပြရာထူးကို စွန့်လွှတ်လိုက်ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း စီရော်နယ်ဒိုကိုယ်တိုင် နှုတ်ဆိတ်နေခဲ့ပြီး ဒီဒတ်ချ်လူမျိုးနည်းပြအတွက် အချိန်ကုန်ခံဖို့ မထိုက်တန်ဘူးလို့ ယူဆထားကြောင်း မော်ဂန်က အခုသီတင်းပတ်အတွင်း ဖွင့်ဟခဲ့ပါတယ်။
မော်ဂန်က " အိုးထရက်ဖို့ဒ်ကစားသမားဘ၀နောက်ဆုံးရာသီမှာ စီရော်နယ်ဒိုက ပရီးမီးယားလိဂ် ၁၈ ဂိုးနဲ့ ချန်ပီယံလိဂ် ၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီလိုစံချိန်မျိုးရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက်တို့ ဘယ်လောက်တောင် လိုချင်နေလိုက်မလဲ"
"ယူနိုက်တက်ကို နောက်ထပ်နှစ်နှစ်သုံးနှစ်လောက် စီရော်နယ်ဒို ဆက်ကူညီပေးနိုင်သလို ဂိုးတွေ အများကြီးသွင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။ တကယ်လို့ စီရော်နယ်ဒိုအတွက် သင့်တော်မှန်ကန်မယ့် နည်းပြတစ်ဦး ရှိခဲ့မယ်ဆိုရင် ဒါက တကယ့်ကိုထူးခြားလွန်းတဲ့ ပြန်လည်ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး မဖြစ်လာခဲ့ပါဘူး"
"သူ့ဆီမှာ သူ့ကို မလေးမစားလုပ်ပြီး အမှိုက်လို သဘောထားတဲ့ လူတစ်ယောက်ပဲ ရှိခဲ့ပါတယ်။ အခုပေါ်တူဂီနည်းပြ လုပ်ပြနေတဲ့ ပုံစံမျိုးနဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒီလိုလူတွေက စီရော်နယ်ဒိုကို အသုံးချပြီး သူတို့ကိုယ်သူတို့ နာမည်ကောင်းရအောင် လုပ်ချင်ကြတာပါ" လို့ ပြောပါတယ်။
စီရော်နယ်ဒိုက ဒတ်ချ်လူမျိုးနည်းပြအပေါ် လေးစားမှု လုံးဝမရှိဘူးလို့ ပြောကြားခဲ့ဖူးသလို ကလပ်အသင်းရဲ့သစ္စာဖောက်မှုနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ တဖက်မှာလည်း တန်ဟတ်က အင်္ဂလန်ထိပ်တန်းလိဂ်မှထွက်ခွာလာပြီးနောက် အောင်မြင်မှုအနည်းအကျဉ်းသာ ရှာဖွေနိုင်ခဲ့ပါတယ်။