The network connection is lost.

Banner Image

ဒိန်းမတ်နဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ မပါဝင်လာလို့ ပေါ်တူဂီအသင်းလေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားတဲ့ စီရော်နယ်ဒို

ဒိန်းမတ်နဲ့ပွဲစဉ်မှာ စီရော်နယ်ဒို ပွဲထွက်ပါဝင်ကစားဖို့ မရှိဘူးဆိုတဲ့ ပေါ်တူဂီနည်းပြဂျော့ရှ်ဂျီးဆပ်စ်ရဲ့ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အယ်လ်နာဆာကြယ်ပွင့်က လက်ရွေးစင်အသင်းရဲ့စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ ထွက်ခွာလာပြီလို့ ကြေညာခဲ့ပါတယ်။

စီရော်နယ်ဒိုက "လက်ရွေးစင်အသင်းနည်းပြရဲ့သတင်းစာရှင်းလင်းပွဲအပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ စကားပြောဆိုပြီးနောက် လက်ရွေးစင်အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော် အမြဲတမ်းအပြည့်အဝပေးဆပ်ခဲ့တဲ့လက်ရွေးစင်အသင်းမှ အခုလိုထွက်ခွာလာရတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သင့်လျော်တဲ့အချိန်ကျရင် ပေါ်တူဂီပြည်သူအားလုံးဆီ ကျွန်တော် ပြောပြပေးသွားပါမယ်"

"အခုတော့ ပေါ်တူဂီအသင်းနဲ့ ကျွန်တော့်ရဲ့အသင်းဖော်အားလုံး ကံကောင်းပါစေလို့ ဆုမွန်ကောင်း တောင်းပေးရမယ့် အချိန်ပါပဲ" လို့ ဆိုပါတယ်။

ပေါ်တူဂီနည်းပြချုပ်ဂျော့ဂျ်ဂျီးဆပ်စ်က ဒိန်းမတ်နဲ့ရင်ဆိုင်ရမယ့် ကြာသပတေးနေ့ပွဲစဉ်အတွက် စီရော်နယ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ မရှိဘူးလို့ ပွဲနေ့မတိုင်ခင် တစ်ရက်အလို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဝါရင့်နည်းပြကြီးက စီရော်နယ်ဒိုအတွက် လူစားဝင်ပါဝင်ကစားခွင့်ကိုတော့ ငြင်းဆန်ပယ်ချခဲ့ခြင်းမရှိပေမဲ့ ဒိန်းမတ်နဲ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပါဝင်လာဖို့မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

မိနစ် ၃၀ ခန့်ပါဝင်ကစားဖို့ စီရော်နယ်ဒိုနဲ့ စကားပြောဆိုခဲ့သလားလို့ မေးမြန်းရာ ဂျော့ရှ်ဂျီးဆပ်စ်က "အမှန်ပါပဲ။ ကျွန်တော် ပြောခဲ့ပါတယ်။ အဲ့ဒီထက်တောင် ပိုပြောခဲ့ပါသေးတယ်။ ရော်နယ်ဒိုကြောင့်တော့ ကျွန်တော့်ရဲ့အတွေးအခေါ် မပြောင်းလဲသွားနိုင်ပါဘူး။ သူ လူစားဝင်မကစားရဘူးလို့ ကျွန်တော်ပြောရင် သူ လူစားဝင်မကစားရပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။

နည်းပြရဲ့အခုလိုမှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးညနေပိုင်း၊ ပါကန် (Parken)ကွင်းမှာ ပေါ်တူဂီအသင်းရဲ့ နောက်ဆုံးအကြိမ်လေ့ကျင့်ပြင်ဆင်မှုမစတင်မီ ကွင်းတွင်းမှထွက်ခွာသွားတဲ့ စီရော်နယ်ဒိုရဲ့ပုံရိပ်တွေကို မြင်တွေ့လိုက်ရပါတယ်။