ကလော့ပ်ထွက်ခွာမှုနဲ့ အတူအက်ဒ်ဝ့ါဒ်ကို ပြန်လည် ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ လီဗာပူး
တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ လီဗာပူးအသင်းဟာ ကလော့ပ်ထွက်ခွာမှုနဲ့အတူ အမှုဆောင်ဟောင်း အက်ဒ်ဝ့ါဒ်ကို ပြန်လည်ခေါ်ယူဖို့ မျက်နှာချင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။
အက်ဒ်ဝ့ါဒ်ဟာ အသင်းပိုင်ရှင် ဂေါ်ဒွန် ၊ ဂျွန်ဟင်နရီတို့နဲ့ အတူ ပြီးခဲ့တဲ့အပတ်က ဘော်စတွန်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ တုန်းက လီဗာပူးအသင်းနဲ့ ၁၀ နှစ်တာ လက်တွဲခဲ့မှုကို ဖျက်သိမ်းခဲ့ပြီးနောက် အက်ဒ်ဝ့ါဒ်ဟာ ချဲလ်ဆီးအပြင် အခြားအသင်းတော်တော်များများရဲ့ချဉ်းကပ်မှုကို ပယ်ချခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ ဇန်နဝါရီတုန်းကအက်ဒ်ဝ့ါဒ်ကို အားကစားဒါရိုက်တာနေရာ အတွက် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တာဖြစ်ပါတယ်။ တကယ်လို့ အခုကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် မိုက်ကယ်ဟာ လီဗာပူးအသင်းရဲ့လုပ်ပိုင်ခွင့်တော်တော်များများကို ရရှိမှာဖြစ်ပါတယ်။
ဂါးဒီးယန်းသတင်းဌာနရဲ့အဆိုအရ အက်ဒ်ဝ့ါဒ်ဟာ အချက်အလက်ပိုင်း နဲ့ လူသစ်ခေါ်ယူရေးတွေမှာ ဦးဆောင်ရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်း နည်းပြသစ်ခေါ်ယူရေနဲ့ အခြားအားကစားဒါရိုက်တာ ခေါ်ယူရေးတွေမှာလည်း ပါဝင်ရဖွယ်ရှိနေပါတယ်။
လာမယ့်အပတ်တွေမှာ အသင်းဘက်က နည်းပြသစ်နေရာ အတွက်ကော တည်ဆောက်ပုံပိုင်းမှာ ပြင်ဆင်ဖို့ စတင်မှာဖြစ်ပါတယ်။ ကလော့ပ်နေရာအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီး လာမယ့်မတ်လ ၁၀ ရက်နေ့မှာတော့ လီဗာပူးဟာ ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။