
ဘာစီလိုနာစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ နယူးကာဆယ်စတား
ဘာစီလိုနာကို ၂-၁ နဲ့အရေးနိမ့်ပြီးနောက် နယူးကာဆယ်စတား ဂေါ်ဒွန်က ဘာစီလိုနာရဲ့အဆင့်အတန်းဟာ အာဆင်နယ် ၊ လီဗာပူးတို့အထက်မှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကို ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်က သွင်းယူပေးနိုင်ခဲ့ပြီး နယူးကာဆယ်အတွက် ချေပဂိုးကို ဂေါ်ဒွန်က သွင်းယူပေးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ သရေရနိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့် ဘာစီလိုနာက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ “သူတို့ဘောလုံးထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး အတွေ့အကြုံရခဲ့ပါတယ်။ ကျွန်တော်တို့ အင်္ဂလန်မှာ ဒီလိုစတိုင်မျိုးနဲ့ မကစားနိုင်ပါဘူး။ ဒီလိုအဆင့်မျိုးလည်း မကစားနိုင်ပါဘူး။ သူတို့က ကျွန်တော်တို့ရင်ဆိုင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်။
ကွင်းလယ်ကလည်း ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ကျွန်တော်တို့ ထိပ်တန်းအသင်းတွေနဲ့ကစားဖူးပါတယ်။ လီဗာပူး ၊ မန်စီးတီး ၊ ချဲလ်ဆီး ၊ အာဆင်နယ်တို့နဲ့ ကစားဖူးပါတယ်။ ဒါပေမယ့် သူတို့ ဘောလုံးပေးပို့နည်း ၊ ရွှေ့လျားပုံက ဖိအားပေးဖို့ ခက်ခဲပါတယ်။
သူတို့ဒီကိုလာချိန်မှာ အဲ့လိုမျိုးလုပ်ရတာ မလွယ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး နဲ့ ရုပ်ပိုင်းဆိုင်ရာအသားပေးဖိအားပေးကစားခဲ့ပေမယ့် သူတို့အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ဂေါ်ဒွန်က ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေပြောင်းလာပြီးကတည်းက ဘာစီလိုနာအတွက် ပထမဆုံးဂိုးပေါက်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဂေါ်ဒွန်က “တကယ်ကိုကောင်းလွန်းပါတယ်။ ပြီးခဲ့တဲ့အတိတ်ကာလတုန်းက သူ့မှာခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်။ ဘောလုံးသမားတစ်ဦးအနေနဲ့ ခက်ခဲတဲ့အချိန်တွေကို တစ်ယောက်တည်းဖြတ်ကျော်ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။
သူက အရမ်းအလုပ်ကြိုးစားသလို ပြီးခဲ့တဲ့နောက်ဆုံးအကြိမ် ကျွန်တော်အင်္ဂလန်မှာ သူနဲ့ရှိတုန်းက သူအရမ်းပျော်နေပါတယ်။ သူက တကယ်ကောင်းတဲ့သူတစ်ဦးဖြစ်သလို အရမ်းရှက်တတ်ပြီး စကားနားထောင်တဲ့သူပါ။ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ဒီနေ့မှာလည်း အံ့ဖွယ်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ချီးကျူးချင်ပါတယ်”လို့ နယူးကာဆယ်စတားက ဖြေကြားခဲ့ပါတယ်။