
ဒဏ်ရာ လျင်လျင်မြန်မြန်သက်သာလာတာကြောင့် မျှော်လင့်ထားတာထက်စောပြီး ကစားနိုင်တော့မယ့် မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာပြဿနာမှ လျင်လျင်မြန်မြန်သက်သာလာတာကြောင့် မျှော်လင့်ထားတဲ့အချိန်ကာလထက်စောပြီး ပြန်ကစားနိုင်တော့မယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တဲ့ မာတီနက်ဇ်ဟာ ဖေဖော်ဝါရီလကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး အခုချိန်အထိ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။ သို့သော်လည်း ဒဏ်ရာကိုအောင်မြင်စွာခွဲစိတ်ကုသနိုင်ပြီးနောက်မှာတော့ အာဂျင်တီးနားလက်ရွေးစင်ဟာ ကြံ့ခိုင်မှုတည်ဆောက်နေပြီး ပြန်ကစားနိုင်မယ့်အချိန်ကို စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။
ယခုအခါမှာတော့ မာတီနက်ဇ်ဟာ အသင်းရဲ့လေ့ကျင်းရေးကွင်း ကာရင်တန်ကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တစ်ကိုယ်တော်လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်လာနိုင်ပြီလို့သိရပါတယ်။ သို့သော်လည်း ယူနိုက်တက်ဘက်ကတော့ ကစားသမားကို ကြံ့ခိုင်မှုအားကောင်းမှသာ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ ခွင့်ပြုသွားမှာဖြစ်လို့ မာတီနက်ဇ်အနေနဲ့ အချိန်ယူဖို့လိုအပ်နေဦးမှာဖြစ်ပါတယ်။
သတင်းတွေအရတော့ အာဂျင်တီးနားသားဟာ ယခုနှစ်အတွင်းမှာပဲ ယူနိုက်တက်အတွက်ပြန်လည်ကစားပေးနိုင်ချေရှိတာကြောင့် လာမယ့် ၂ လအတွင်း ကြံ့ခိုင်မှုအခြေအနေကိုစောင့်ကြည့်သွားရမယ်လို့သိရပါတယ်။ အာဂျင်တီးနားသတင်းဌာနက TyC Sports ရဲ့ထုတ်ပြန်ချက်မှာတော့ မကြာသေးမီက မာတီနက်ဇ်ကို MRI စက်နဲ့စစ်ဆေးခဲ့ရာမှာ ဒဏ်ရာပြဿနာမရှိကြောင်းတွေ့ရှိခဲ့တာကြောင့် ကစားသမားအနေနဲ့ ယခုအောက်တိုဘာလနှောင်းပိုင်းမှာပဲ ပြန်လည်ကစားနိုင်မယ်လို့သိရပါတယ်။
TyC Sports က "လီဆန်ဒရိုမာတီနက်ဇ်က ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက ဘယ်ဘက်ဒူးဒဏ်ရာရှိခဲ့တဲ့ ယူနိုက်တက်နောက်ခံလူဟာ ပရော်ဖက်ရှင်ကစားသမားတစ်ယောက်အနေနဲ့ပြန်ကစားနိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို အဆုံးသတ်နေပြီဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်းနီးကပ်လာပြီဖြစ်လို့ အခုလိုမာတီနက်ဇ်ရဲ့ အပြုသဘောဆောင်တဲ့အခြေအနေဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်စေမှာပါ။ ကစားသမားဟာ ယခုအောက်တိုဘာလအကုန်မှာပဲ ပြန်ကစားနိုင်မယ်လို့မျှော်လင့်ထားပါတယ်" လို့ထုတ်ပြန်ထားပါတယ်။