ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်အပြစ်ပေးခံလိုက်ရတယ်လို့ အာတီတာဝန်ခံ
တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂-၃ နဲ့အရေးနိမ့်ပြီးနောက် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းဟာ ယခုပွဲစဉ်မှာ အမှားများစွာပြုလုပ်မိခဲ့တာကြောင့် အပြစ်ပေးခံလိုက်ရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ဂိုးတွေကြောင့် ၁-၂ နဲ့ပြန်လည်ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ ထို့နောက်မှာ အာဆင်နယ်ဟာ အသင်းရဲ့ထုံးစံအတိုင်း ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးသွင်းယူကာ ၂-၂ ဆိုတဲ့ရလဒ်ကို ပြန်လည်ပုံဖော်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ လူစားဝင်ကစားသမား မားသီးယက်စ်ကွန်ဟာရဲ့ လှပတဲ့ အနိုင်ဂိုးကြောင့် အိမ်ကွင်းမှာ ၂-၃ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက "ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ အတွင်း ကျွန်တော်တို့ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးသွင်းနိုင်ခဲ့သလို၊ နောက်ထပ်ဂိုးတွေရဖို့အတွက်လည်း အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပါတယ်"
"ဒါပေမယ့် အဲဒီနောက်မှာကျွန်တော်တို့ အမှားကနေ ဂိုးပြန်ပေးလိုက်ရပါတယ်။ ဘောလုံးပွဲမှာအမှားဆိုတာ ပြုလုပ်လေ့ရှိပေမယ့် ဒါက ကျွန်တော်တို့မှားနေကျပုံစံမျိုးမဟုတ်ပါဘူး။ သူတို့ကို ဂိုးပေးလိုက်ရတော့ သူတို့ဘက်က အားတက်သွားပြီး ပွဲရဲ့အခြေအနေပြောင်းလဲသွားပါတယ်။ အဲဒီအချိန်ကနေ ပထမပိုင်းပြီးတဲ့အထိ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ကစားသမား မာတင်ဇူဘီမန်ဒီရဲ့အမှားမှတစ်ဆင့် ယူနိုက်တက်တိုက်စစ်မှူး အမ်ဘွေမိုဂိုးသွင်းယူခဲ့ခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုမေးမြန်းရာမှာ အာတီတာက "ဒါက ဘောလုံးမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ခါတလေမှာ အမှားလုပ်မိပေမယ့် အပြစ်ပေးမခံရသလို၊ တစ်ခါတလေမှာတော့ အမှားအတွက် ပြန်ပေးဆပ်ရတတ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အပြစ်ပေးခံလိုက်ရသလို၊ ပြိုင်ဘက်ရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်"
"ကျွန်တော်တို့ ဒီထက်ပိုပြီးကြိုးစားဖို့လိုပါတယ်။ ဒီနေ့မှာလည်း အကောင်းဆုံးကြိုးစားခဲ့ပေမယ့် စနစ်တကျကစားသွားနိုင်တဲ့ အသင်းတစ်သင်ကိုရင်ဆိုင်ခဲ့ရလို့ ခက်ခဲခဲ့ပါတယ်။ ကိုယ့်အမှားတွေကြောင့်ပဲ ကိုယ်တိုင်အပြစ်ပေးခံလိုက်သလိုဖြစ်ခဲ့ပါတယ်" လို့ဝန်ခံပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကိုင်ရတ်အယ်လ်မာတီကို အမ်းမရိတ်စ်မှာပဲ ဆက်လက်ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။