The network connection is lost.

Banner Image

ဒီရာသီချန်ပီယံလိဂ်ဆုဖလား ဘယ်အသင်းဆွတ်ခူးမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ ဂျိုးကိုးလ်

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဂျိုးကိုးလ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေအပြီးမှာ ဘယ်အသင်းက ချန်ပီယံဆုဖလားကို သိမ်းပိုက်သွားမလဲဆိုတာ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေမှာတော့ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့ဂိုးပြတ်နိုင်ခဲ့ပြီး၊ ဘာစီလိုနာက ဒေါ့မွန်ကို ၄-၀ နဲ့အနိုင်ရခဲ့သလို၊ ပီအက်စ်ဂျီနဲ့ အင်တာမီလန်တို့ကလည်း အက်စတွန်ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို အသီးသီးအနိုင်ရရှိအောင် ကစားနိုင်ခဲ့ကြပါတယ်။
 
အာဆင်နယ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အင်တာမီလန်တို့ဟာ နိုင်ပွဲကိုယ်စီရရှိအောင်ကစားနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းဖို့ အခြေအနေကောင်းနေပြီး ဘိုင်ယန်မြူးနစ်က ဒုတိယအကျော့မှာ အခွင့်အရေးရှိနေသေးပေမယ့် ရီးရဲလ်မက်ဒရစ်၊ ဒေါ့မွန်နဲ့ အက်စတွန်ဗီလာတို့ကတော့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ဖို့ အလားအလာများနေပါတယ်။ ယခုအခါမှာ ဂျိုးကိုးလ်ကတော့ သူ့အနေနဲ့ ဒီရာသီချန်ပီယံလိဂ်ဖလားကို ပီအက်စ်ဂျီက ဆွတ်ခူးသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ကွင်းလယ်လူဟောင်းက "အက်စတွန်ဗီလာက အရမ်းကောင်းခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒါပေမယ့် ပီအက်စ်ဂျီက မယုံနိုင်စရာပါ။ တကယ်ကိုကောင်းလွန်းပါတယ်။ ဒါကြောင့် ဒီနှစ်ကတော့ ပီအက်စ်ဂျီရဲ့နှစ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ အာဆင်နယ်ကို ပြန်လည်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်မလားလို့ မေးမြန်းခဲ့ရာ ကိုးလ်က "ကျွန်တော်ကတော့ မထင်ပါဘူး။ အာဆင်နယ်က နောက်တစ်ဆင့်ကို သေချာပေါက်တက်လှမ်းသွားမှာပါ။ ကျွန်တော်ဒီရာသီမှာ ကြည့်ရသလောက် ရီးရဲလ်မက်ဒရစ်က တစ်စုံတစ်ခုပျောက်ဆုံးနေသလိုပါပဲ။ လာမယ့်နွေရာသီမှာတော့ သူတို့ ကစားသမားသစ်တွေ လိုအပ်ပါလိမ့်မယ်။ ခီလီယန်အမ်ဘာပေက ဂိုးတွေသွင်းနေတာ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် သူတို့မှာ တစ်ခုခုတော့ ပျောက်ဆုံးနေပါတယ်။ ဒါကြောင့် အာဆင်နယ်က နောက်တစ်ဆင့်ကိုတက်သွားပြီလို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီကလည်း အက်စတွန်ဗီလာကို ၃-၁ နဲ့ဂိုးပြတ်နိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ အလွန်အလားအလာကောင်းနေပါတယ်။ ပြင်သစ်ချန်ပီယံတွေဟာ မကြာသေးမီနှစ်တွေကတည်းက ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ နီးစပ်နေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာလည်း ပီအက်စ်ဂျီဟာ ထိပ်တန်းခြေစွမ်းကိုပြသထားနိုင်ပြီး ၁၆ သင်းအဆင့်မှာ လီဗာပူးလိုအသင်းမျိုးကို ဖြုတ်ချထားနိုင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း ပီအက်စ်ဂျီက ဒီနှစ်ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးသွားနိုင်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ဖာဒီနန်က "အက်စတွန်ဗီလာနဲ့ပွဲမှာ သူတို့ရဲ့ကိုယ်ပိုင်ဟန်အတိုင်း ကစားခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ ဆုဖလားတွေ အကြိမ်ကြိမ်ဆွတ်ခူးခဲ့ဖူးသလို ကစားခဲ့ကြတာပါ။ လောလောဆယ်မှာတော့ ကျွန်တော်အကြိုက်ဆုံးအသင်းက ပီအက်စ်ဂျီပါ။ လီဗာပူးလိုအသင်းကိုလည်း သူတို့ ဖြတ်ချနိုင်ခဲ့ပါတယ်။ ဒီနှစ် ပီအက်စ်ဂျီက ကျွန်တော်တို့မြင်တွေ့ခဲ့ရဖူးတဲ့ ပီအက်စ်ဂျီမဟုတ်တာ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။