The network connection is lost.

Banner Image

အီတလီနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်ကို လွဲချော်သွားဖို့ရှိနေတဲ့ ပြင်သစ်ကပ္ပတိန်အမ်ဘာပေ

ပေါင်ကြွက်သားဒဏ်ရာပြဿနာကြောင့် အီတလီနဲ့ကစားမယ့် ပြင်သစ်ရဲ့နေးရှင်းလိဂ်ပွဲစဉ်ကို အသင်းခေါင်းဆောင် အမ်ဘာပေ လွဲချော်လိမ့်မယ်လို့ နည်းပြဇီဒန်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ ဘော်ဒိုးမြို့မှာ တူရကီနဲ့မရင်ဆိုင်မီ ပြင်သစ်အသင်းက အုပ်စု (A1) ရဲ့ ထိပ်ဆုံးနေရာကို အခိုင်အမာရယူနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ကြာသပတေးနေ့၊ မီလန်မြို့မှာ မန်စီနီရဲ့အီတလီအသင်းကို ရင်ဆိုင်သွားရပါမယ်။

ဇီဒန်းက "မနက်ဖြန်ပွဲစဉ်ကို အမ်ဘာပေ လွဲချော်ပါလိမ့်မယ်။ သူ့မှာ နာကျင်မှုအနည်းငယ် ခံစားနေရလို့ ကျွန်တော်တို့ ဘာစွန့်စားမှုမှ ပြုလုပ်သွားဖို့ မရှိပါဘူး" လို့ ပြောပါတယ်။

"ကစားသမားတွေ ဆုံးရှုံးရတယ်ဆိုတာ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အရမ်းကြီးမဆိုးရွားဘဲ တနင်္ဂနွေနေ့ပွဲစဉ်မှာ သူ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်... ဒါက ပြဿနာအသေးစားလေးတစ်ခုပါပဲ" လို့ ဆိုပါတယ်။

ဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံးသုံးပွဲကို လွဲချော်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက အခုတစ်ကြိမ်စခန်းသွင်းလေ့ကျင့်မှုဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူက အခုဘောလုံးရာသီ၊ မက်ဒရစ်အခြေစိုက်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူထားပါတယ်။

စက်တင်ဘာလ၊ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် တူရကီနဲ့ယှဉ်ပြိုင်ကစားရတဲ့ ဇီဒန်းရဲ့ပွဲဦးထွက်ပွဲစဉ်မှာ အမ်ဘာပေက အနိုင်ဂိုးသွင်းယူပေးခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ဘယ်ဒူးနာကျင်မှုကြောင့် ကွင်းပြင်ပဆီ ထွက်ခွာသွားခဲ့ပါတယ်။

အုပ်စုပွဲစဉ် လေးပွဲကစားပြီးချိန် သုံးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းက အီတလီကို အနိုင်ရရှိမယ်ဆိုရင် ကွာတားဖိုင်နယ်အဆင့်ဆီ သေချာပေါက် တက်ရောက်နိုင်ပါလိမ့်မယ်။