ဒဏ်ရာရရှိသွားတဲ့ နူအာကို ဇန်နဝါရီလအထိ လက်လွှတ်သွားရဖို့ ရှိနေလို့ ဘိုင်ယန်မြူးနစ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာ
ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာက ညာခြေအရွတ်တစ်စိတ်တစ်ပိုင်း စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့လို့ နှစ်လနီးပါးကြာ ဘောလုံးပွဲစဉ်တွေနဲ့ ဝေးကွာသွားဖွယ် ရှိပါတယ်။
မိန့်ဇ်နဲ့ရင်ဆိုင်ရတဲ့ စနေနေ့ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အနိုင်သုံးမှတ်အပြည့် ရယူနိုင်ခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဒဏ်ရာကြောင့် နူအာ လူစားလဲလှယ်ခဲ့ရတဲ့ ဖြစ်စဉ်က အဓိကခေါင်းကြီးပိုင်းသတင်း ဖြစ်လာခဲ့ပါတယ်။ နူအာရဲ့နေရာကိုတော့ အာဘစ် ဝင်ရောက်ကစားခဲ့ပါတယ်။
ဒီဂန္ထဝင်ဂိုးသမားကြီးမှာ ညာခြေအရွတ်တစ်စိတ်တစ်ပိုင်း စုတ်ပြဲသွားခဲ့တယ်လို့ ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းက တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပြီး လာမယ့်ဇန်နဝါရီလအထိ နူအာ အနားယူရလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။
နူယာအတွက် သာမန်တစ်စိတ်တစ်ပိုင်းအရွတ်စုတ်ပြဲမှုဆိုရင် ခွဲစိတ်စရာမလိုဘဲ သက်သာပျောက်ကင်းနိုင်ပေမဲ့ ပိုမိုပြင်းထန်တဲ့ ထိခိုက်မှုမျိုးဆိုရင်တော့ ပိုမိုကြာရှည်တဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ် လိုအပ်လာနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်ဘက်က သူ ပြန်လာမယ့်နေ့ရက်ကို တရားဝင် အတည်မပြုသေးပေမဲ့ လတ်တလော နူအာပြန်မလာသေးခင်အချိန်အထိ ဘိုင်ယန်မြူးနစ်ဂိုးပေါက်ကို အာဘစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။
ဒေါ့မွန်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက် အသာစီးဖြင့် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပေမဲ့ အသက် ၄၀ နှစ်အရွယ်ဂိုးသမားကြီး မပါဝင်နိုင်မှုကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံဆုကာကွယ်ရေးခရီးစဉ် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။