The network connection is lost.

Banner Image

စီနီယာအဆင့်ပွဲဦးထွက် မကစားရသေးဘဲ ယူနိုက်တက်မှ ထွက်ခွာသွားတဲ့ ဆယ်ကျော်သက်ကြယ်ပွင့် ဂျေဂျေဂါဘရီရယ်လ်

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရတဲ့ ဆယ်ကျော်သက်ပါရမီရှင်လူငယ်လေး ဂျေဂျေဂါဘရီရယ်လ်က မန်ချက်စတာယူနိုက်တက်ဆီ နှုတ်ဆက်သတင်းစကားကို အင်္ဂါနေ့မှာ ပေးပို့လိုက်ပါတယ်။

အနာဂတ်မှာ ဘောလုံးစူပါကြယ်ပွင့် ဖြစ်လာဖို့ ထင်ကြေးပေးခံထားရတဲ့ အသက် ၁၆ နှစ်အရွယ်ကစားသမားလေးက သူ့ရဲ့အသက် ၁၆ နှစ်ပြည့်မွေးနေ့မတိုင်မီ တစ်လအလို စက်တင်ဘာလအတွင်း အင်္ဂလန်ထိပ်သီးကလပ်မှာ သူ့ရဲ့မှတ်ပုံတင်ထားရှိမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ယူနိုက်တက်ကို အံ့အားသင့်စေခဲ့ပါတယ်။

ဂါဘရီရယ်လ်က ယူနိုက်တက်စီနီယာအသင်းကြီးအတွက် ပြိုင်ပွဲအသွင်ပွဲစဉ် တစ်ပွဲမှ မကစားပေးခဲ့ဖူးပါဘူး။

လူမှုကွန်ရက်ပေါ်မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ဂါဘရီရယ်လ်က "ကျွန်တော် အမြဲတမ်း တန်ဖိုးထားရမယ့် အခိုက်အတန့်တွေကို ခင်ဗျားတို့ ပေးစွမ်းခဲ့ပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်ပေးပြီး ကြီးပြင်းလာအောင် ကူညီပေးခဲ့ကြတဲ့ နည်းပြတိုင်း၊ ဝန်ထမ်းတိုင်း၊ ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ ကျွန်တော့်ကို အားပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်"

"ကျွန်တော့်ရဲ့နောက်ထပ်အခန်းကဏ္ဍသစ်ကို စတင်ချိန်မှာ မန်ချက်စတာယူနိုက်တက်ဆိုတာ ကျွန်တော့်ဘဝခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်း ရှိနေပါလိမ့်မယ်" လို့ ပြောပါတယ်။

လာမယ့်ဇန်နဝါရီလအတွင်း ဂါဘရီရယ်လ်ကို တရားဝင်ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်အကြား သဘောတူညီမှု ရရှိထားပြီပြီလို့လည်း Sky Sports မှာ ဖော်ပြခဲ့ပါတယ်။

အိုင်ယာလန်လက်ရွေးစင်ဟောင်း ဂျိုးအိုဆီယဲရယ်လ်ရဲ့ သားဖြစ်သူ ဂါဘရီရယ်လ်က ပြီးခဲ့တဲ့ရာသီ၊ ယူနိုက်တက်ရဲ့တစ်နှစ်တာအကောင်းဆုံးအကယ်ဒမီကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး စီနီယာအသင်းကြီးဆီ အမြန်ဆုံးခေါ်ယူခံရမယ့်သူအဖြစ် မျှော်လင့်ထားကြပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ခြေစမ်းပွဲမှာ စီနီယာအဆင့် ပွဲဦးထွက်ကစားခဲ့ပြီးနောက် စက်တင်ဘာလအတွင်း ဘရိုက်တန်နဲ့ရင်ဆိုင်ရတဲ့ လိဂ်ဖလားပွဲစဉ်မှာ ဂါဘရီရယ်လ်က ကလပ်သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမား ဖြစ်လာဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီပွဲစဉ်မတိုင်မီ တစ်ရက်အလိုမှာပဲ ကလပ်အသင်းမှထွက်ခွာလိုတဲ့ သူ့ရဲ့ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။