မန်စီးတီးဆီမှ ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ကို လက်ခံရယူဖို့အတွက် စိတ်မသက်မသာဖြစ်မိတယ်လို့ ဝိန်းရွန်းနီ ဝန်ခံပြောဆို
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဝိန်းရွန်းနီက မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်တစ်ခုကို လွှဲပြောင်းပေးအပ်လာတာမျိုး လက်မခံချင်ဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အခုလအစောပိုင်းမှာပဲ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်ကြတဲ့ ရီယိုဖာဒီနန်နဲ့ ဒေးဗစ်ဒီဂီယာတို့က မန်စီးတီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်တစ်ခုကို ပြန်လည်လွှဲပြောင်းရယူခွင့်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အတွက် ၁၂ နှစ်ကြာ ကစားပေးခဲ့ဖူးတဲ့ ဖာဒီနန်က "ဗီရိုထဲ ထည့်စရာ နောက်ထပ်ပရီးမီးယားလိဂ်ဆုတံဆိပ်တစ်ခု တိုးလာဦးမယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီဂီယာကလည်း X လူမှုကွန်ရက်စာမျက်နှာမှတဆင့် "ဒါဆိုရင်... စကားစမြည် ပြောကြတာပေါ့။ ကျွန်တော် ပရီးမီးယားလိဂ်ချန်ပီယံဆု ဘယ်နှကြိမ် ရခဲ့တာလဲ?" လို့ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်က ဆာအဲလက်စ်ဖာဂူဆန်လက်ထက် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီနဲ့ ဟိုဆေးမော်ရင်ဟိုလက်ထက် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတွေမှာ မန်စီးတီးကို မကျော်လွှားနိုင်ဘဲ အမှတ်ပေးဇယားဒုတိယနေရာမှာ ရာသီသိမ်းခဲ့ပါတယ်။
သတင်းတွေမှာတော့ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား မန်စီးတီးအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဘောလုံးရာသီတိုင်းအတွက် ဒုတိယနေရာရရှိတဲ့အသင်းတွေဆီ ချန်ပီယံဆု ပြန်လည်လွှဲပြောင်းပေးအပ်သွားနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ အခုသီတင်းပတ်အတွင်းမှာတော့ ဝိန်းရွန်းနီက ယူနိုက်တက်အသင်း အမှန်တကယ် ချန်ပီယံမဖြစ်ခဲ့လို့ ဒီဆုတံဆိပ်ကို လက်ခံပေးသွားစရာ အကြောင်းမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
"နောက်ထပ်ပရီးမီးယားလိဂ်ဆုတံဆိပ်တစ်ခု ရတော့မယ့်အကြောင်း ဖာဒီနန်ပြောနေတာကို ကျွန်တော် ကြားပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နောက်ထပ်ပရီးမီးယားလိဂ်ဆုတံဆိပ်တစ်ခုလက်ခံရယူဖို့အတွက် ကျွန်တော့်စိတ်ထဲမှာ တကယ်ပဲ အဆင်မပြေပါဘူး။ ကျွန်တော်တို့ ဒီဆုတံဆိပ်နဲ့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ အဲ့ဒီရာသီတုန်းက ပရီးမီးယားလိဂ်ဖလားရယူဖို့အတွက် လုံလုံလောက်လောက် မလုပ်ပြနိုင်ခဲ့ပါဘူး။ ပွဲပြီးဖို့ လေးငါးပွဲအလိုအထိ ကျွန်တော်တို့ ခြောက်မှတ်၊ ခုနစ်မှတ်လောက်အထိ ဖြတ်ထားနိုင်ခဲ့ပေမဲ့ အဲ့ဒီအခွင့်အရေးကိုပဲ လက်လွှတ်ဆုံးရှုံးအောင် ကျွန်တော်တို့ လုပ်ပစ်ခဲ့တာပါ"
"ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေအားလုံးကို ကျွန်တော် တွေ့မြင်ကြားသိခဲ့ရသလို လူတွေ ပြောနေကြတာကိုလည်း နားထောင်ခဲ့ပြီး မန်စီးတီး ကစားသမားတစ်ဦးနေရာမှ ကိုယ်ချင်းစာ တွေးကြည့်မိပါတယ်။ သူတို့က ကစားသမားတွေ ဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ အရာအားလုံးပေးဆပ်ခဲ့ကြပါတယ်။ သူတို့စိတ်ထဲမှာလည်း အဲ့ဒီအောင်မြင်မှုကို ရယူနိုင်ခဲ့တယ်လို့ မှတ်ယူထားကြပါတယ်။ တကယ်လို့ အဲဒီကစားသမားတွေက သူတို့ရဲ့ အထက်ပိုင်းအုပ်ချုပ်သူတွေမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို လုံးဝမသိရှိခဲ့ဘဲ ကျွန်တော့်ဆီမှာသာ အခုလိုဖြစ်လာခဲ့မယ်ဆိုရင်... ကျွန်တော် တကယ့်ကို အကြီးအကျယ် စိတ်ထိခိုက်ကြေကွဲရပါလိမ့်မယ်" လို့ သူက ပြောပါတယ်။
"ဒါတွေ ဖြစ်လာနိုင်တယ်၊ သူတို့ရဲ့ဆုတံဆိပ်တွေကို ရုပ်သိမ်းသွားနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီဆုတံဆိပ်ကို မလိုချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းတစ်ခုအဖြစ် အဲ့ဒီနှစ်မှာ ကျွန်တော်တို့တွေ အမှန်တကယ်ဗိုလ်မစွဲခဲ့လို့ ဒီဆုတံဆိပ်နဲ့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် အသင်းဖော်တွေရဲ့ ဆုတံဆိပ်လိုချင်မှုကို မြင်တွေ့ရချိန် ကျွန်တော်ကတော့ ကိုယ်တိုင်ရရှိထားတဲ့ ချန်ပီယံဆုငါးခုနဲ့တင် ကျေနပ်နေပါပြီ။ ဒီဆုတံဆိပ်ကိုတော့ မလိုချင်ပါဘူး။ ပိုင်ရှင်တွေလုပ်ခဲ့တဲ့ အမှားကြောင့် သူတို့ရဲ့ ဆုတံဆိပ်တွေ ရုပ်သိမ်းခံသင့်သလား? ဟုတ်ပါတယ်၊ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ ဒါကို လက်ခံရယူဖို့ စိတ်ထဲ အဆင်မပြေပါဘူး" လို့ ဆိုပါတယ်။
အထူးသဖြင့် မန်စီးတီးဘက်က ဒီစွပ်စွဲချက်တွေကို အယူခံဝင်ဖို့ ပြင်ဆင်နေလို့ စွဲချက် ၁၁၄ ခုအတွက် ပြစ်ဒဏ်ချမှတ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။