၂၀၂၇ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်တဲ့ အကြောင်းအရင်း ၅ ခု
လာမယ့်နွေရာသီ၊ နေးရှင်းလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ အင်္ဂလန်လည်း ပါဝင်နေသလို ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စပိန်မြေမှာ ကစားသမားတစ်ဦးလျော့ဖြင့် ရဲရဲဝံ့ဝံ့ အနိုင်ယူပြီးနောက် သူတို့ရဲ့အခွင့်အရေးနဲ့ပတ်သက်လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်းရဲရဲတင်းတင်း ပြောဆိုလာကြပါတယ်။
ကမ္ဘာ့ချန်ပီယံစပိန်ကို နောက်ကောက်ချကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်ခဲ့ပြီးနောက် အင်္ဂလန်က လာမယ့်မတ်လ၊ ကွာတားဖိုင်နယ်မှာ အုပ်စုဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ အသင်းတစ်ခုခုနဲ့ ရင်ဆိုင်သွားရပါတော့မယ်။ ဒါက အင်္ဂလန်အတွက် စိတ်လှုပ်ရှားစရာ နှစ်ကျော့ကစားရတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ဒီထက်ပိုပြီး အဝေးဆီ မျှော်ကြည့်ထားတဲ့ အင်္ဂလန်က ဇွန်လ နေးရှင်းလိဂ်ဗိုလ်လုပွဲစဉ်တွေကို ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးဆုဖလားတစ်လုံး ဆွတ်ခူးနိုင်မယ့် ရွှေရောင်အခွင့်အလမ်းတစ်ရပ်အဖြစ် သတ်မှတ်ထားကြပါလိမ့်မယ်။ သူတို့တွေ ဘာကြောင့် ဗိုလ်စွဲနိုင်သလဲဆိုတဲ့မေးခွန်အတွက် အဖြေတွေကတော့...
ပိုမိုခက်ခဲတဲ့ပွဲစဉ်တွေမှာ ပိုကောင်းအောင် ကစားပြနိုင်ခြင်း
ဒါက အင်္ဂလန်အသင်းအတွက် ကာလရှည်ကြာ မှန်ကန်နေခဲ့တဲ့ အချက်ဖြစ်သလို သောမတ်စ်တူချယ် တာဝန်မယူခင်အချိန်ကတည်းက ရှိနေခဲ့တဲ့ အရာပါ။ သူတို့ရဲ့ပြိုင်ပွဲခရီးစဉ်တွေက ထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတိုင်း အဆုံးသတ်သွားလေ့ရှိပေမဲ့ ယခင် ရှုံးထွက်အဆင့်တွေ သို့မဟုတ် အခြားပြိုင်ပွဲတွေမှာ ပိုမိုခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်တိုင်း အင်္ဂလန်က သူတို့ရဲ့အကောင်းဆုံးကစားဟန်ကို ထုတ်ပြနိုင်လေ့ ရှိပါတယ်။
ဂါနာ၊ ဟန်ဂေရီ သို့မဟုတ် ဆလိုဗေးနီးယားတို့လိုမျိုး ခံစစ်အခိုင်အမာပိတ်ဆို့ကစားလေ့ရှိတဲ့ ပြိုင်ဘက်တွေကို ထိုးဖောက်ဖို့ အင်္ဂလန်က မကြာခဏ ရုန်းကန်ရလေ့ရှိပေမဲ့ အပြန်အလှန်တိုက်စစ်ဆင်တဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်မှာတော့ အကောင်းဆုံးခြေစွမ်း ထွက်ပေါ်လာလေ့ ရှိပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာတင် သူတို့က ခရိုအေးရှားကို ရာနှုန်းပြည့်အနိုင်ယူခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြင်သစ်၊ ဟာလန်းပါဝင်တဲ့ နော်ဝေနဲ့ မက္ကဆီကိုတို့ကိုပါ အနိုင်ယူခဲ့ပါတယ်။
အဲဒီနောက် လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ မက်ဒရစ်မြို့မှာတော့ ကမ္ဘာ့ချန်ပီယံစပိန်ကို ၂-၃ ဂိုးဖြင့် အနိုင်ယူပြီး လက်ရွေးစင်အသင်းရဲ့ ၁၅၄ နှစ်တာသမိုင်းတလျှောက် အကောင်းဆုံးနိုင်ပွဲတွေအနက် တစ်ခုကို ရယူခဲ့ပါတယ်။ သူတို့တွေက ကမ္ဘာ့နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ မရှုံးနိမ့်သွားအောင် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား သို့မဟုတ် ယူရိုပြိုင်ပွဲတွေထက်တောင် နေးရှင်းလိဂ်က ထိပ်တန်းအဆင့်မြင့် ပြိုင်ဘက်တွေနဲ့ ပုံမှန်ရင်ဆိုင်ရဖို့ ပိုမိုသေချာစေပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ကသောင်းကနင်းဖြစ်သွားအောင် ဖြိုခွဲနိုင်စွမ်းရှိတယ်ဆိုတာ အင်္ဂလန်က သက်သေပြခဲ့ပြီးပါပြီ။
ဘယ်လင်ဟမ် နှင့် ဟယ်ရီကိန်း
၂၀၂၇ နေးရှင်းလိဂ်မှာ အင်္ဂလန် ဘာကြောင့် ဗိုလ်စွဲနိုင်သလဲဆိုတဲ့ အကြောင်းရင်းတွေအနက် ဒီအချက်က အခြားအရာတွေထက် အလိုလို သက်သေပြနေပါတယ်။
သူတို့နှစ်ဦးလုံး ပွဲထွက်မကစားဘဲ ပြင်သစ်ကို ၆-၄ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ တတိယနေရာလုပွဲကို ဖယ်ထုတ်လိုက်ရင် အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားနှစ်ဦးက ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ၁၃ ဂိုးအနက် ၁၂ ဂိုးကို သွင်းယူပေးခဲ့ကြပါတယ်။ ရာသီသစ်ဆီ ပြန်လည်ရောက်ရှိချိန်မှာလည်း သူတို့ရဲ့အဆင့်အတန်းက လုံးဝ မကျဆင်းသွားပါဘူး။ Gradient Sports ရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာသုံးသပ်ချက်အရ ဘယ်လင်ဟမ်က ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ အကောင်းဆုံးကစားသမား ဖြစ်နေသလို ဟယ်ရီကိန်းကလည်း အဆင့် ၅ နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ရပ်တည်နေပါတယ်။
အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်းက ကစားသမားဘ၀ အထွဋ်အထိပ်ကာလကို ဖြတ်သန်းနေပြီး လွန်ခဲ့တဲ့လအတွင်းမှာတင် ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးထားပါတယ်။ ဘယ်လင်ဟမ်ကလည်း အင်္ဂလန်အတွက် ပွဲစဉ်တိုင်းမှာ ခြေစွမ်းပြသပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးပြည့်၀မှုမှတဆင့် အသင်းဖော်တွေဆီပါ အလားတူယုံကြည်မှုမျိုး ပျံ့နှံ့ကူးစက်စေနိုင်တဲ့ ထူးခြားပြောင်မြောက်လှတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး အခုလိုထိပ်တန်းပုံစံကောင်းမှာရှိနေချိန် အင်္ဂလန်အတွက် ဆုဖလားတစ်ခုခု ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ပါတယ်။
ထိပ်တန်းအဆင့် ကွင်းလယ်ပိုင်း
ဆယ်စုနှစ်ပေါင်းများစွာတိုင်တိုင် အင်္ဂလန်ရဲ့ကွင်းလယ်ပိုင်းမှာ စစ်မှန်တဲ့ ကြယ်ပွင့်အရည်အသွေး လုံလုံလောက်လောက် မရှိသလို ခံစားခဲ့ရဖူးပြီး နာမည်ကြီး ကစားသမားတွေ ပါဝင်နေရင်တောင် အလုပ်မဖြစ်ခဲ့ကြပါဘူး။ ဒါပေမဲ့ အခုတော့ အန်ဒါဆန်၊ ဒီကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တို့နဲ့အတူ အင်္ဂလန်က ကွင်းလယ်ဗဟိုကို စိုးမိုးနိုင်ခဲ့ပြီဖြစ်သလို ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ရင်ဆိုင်ရချိန် တန်ပြန်တိုက်စစ်တစ်ခုတည်းကိုပဲ အားကိုးနေစရာ မလိုတော့တဲ့ပုံ ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်ကို ဒီကလန်ရိုက်စ် လွဲချော်ချိန်၊ စကော့ဝင်ရောက်လာပြီး အန်ဒါဆန်နဲ့ တွဲဖက်ကစားရာမှာလည်း ဒီလိုဟန်ချက်ညီမှုမျိုး ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ခရိုအေးရှားဘောလုံးသမိုင်းတလျှောက် အဆိုးရွားဆုံးရှုံးနိမ့်မှုဖြစ်တဲ့ ရီယေကာမြို့၊ ၀-၇ ဂိုးဆိုတဲ့ ပွဲစဉ်ကို မြင်တွေ့လိုက်ရပါတယ်။
ဒီလမှာတော့ ဒီကလန်ရိုက်စ် ပြန်လည်ပါဝင်လာခဲ့ပြီး အန်ဒါဆန်နဲ့တွဲဖက်ကစားမှုမှာ အန်ဒါဆန်ရဲ့အနီကတ်ပြစ်ဒဏ်မတိုင်ခင်အထိ မက်ဒရစ်မြေဘက်စုံကွင်းလယ်အတွဲပုံစံမျိုး ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ရဲ့ဘောလုံးပေးပို့မှုအောင်မြင်ခြင်းရာခိုင်နှုန်းကလည်း စပိန်ထက်တောင် ပိုကောင်းခဲ့လို့ မကြားဖူးလောက်အောင် ထူးခြားတဲ့ အချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ကလပ်အသင်းတွဲဖက်များ
အင်္ဂလန်က ကလပ်အသင်းတစ်ခုပုံစံနဲ့ ပိုမိုတူညီလာစေဖို့အတွက် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ပရီးမီးယားလိဂ်နဲ့ ခေတ်သစ်ကလပ်အသင်းဘောလုံးစနစ်တွေကို အပြည့်အဝ လက်ခံကျင့်သုံးလာခဲ့ပါတယ်။ တူချယ်ရဲ့အသင်း တိုးတက်ပြောင်းလဲလာတဲ့ ပုံစံအရ ကွင်းတွင်းအချိတ်အဆက်ကို ပိုမိုကောင်းမွန်စေတဲ့ ကလပ်အသင်းအလိုက် အတွဲအစပ်တချို့လည်း အဆင်ပြေပြေ ပေါ်ထွက်လာခဲ့ပါတယ်။
ဘယ်ခြမ်းမှာ နယူးကာဆယ်ရဲ့ လီဝစ်ဟောက ဘယ်နောက်ခံလူနေရာကို သူ့ရဲ့ ကိုယ်ပိုင်နေရာအဖြစ် ဖန်တီးထားနိုင်ပါပြီ။ သူ့ရဲ့အရှေ့ဘက်မှာတော့ သူ အလွန်ရင်းနှီးတဲ့ ကစားသမားတစ်ဦးနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ပါတယ်။ ဘာစီလိုနာတောင်ပံကစားသမားဂေါ်ဒွန်က ၂၀၂၆ ခုနှစ်မှာ အင်္ဂလန်ဂျာစီနဲ့အတူ သူ့ရဲ့ခြေစွမ်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး နယူးကာဆယ်မှာ သုံးနှစ်ခွဲကြာ ဖြတ်သန်းပြီးနောက် ကာတာလိုနီယာဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးအကြား အချင်းချင်းရဲ့ကစားဟန်ကို အသေးစိတ် သိနားလည်ထားကြတယ်ဆိုတာ ရှင်းလင်းပါတယ်။
ညာခြမ်းကတော့ အာဆင်နယ်ကစားသမားတွေရဲ့နေရာ ဖြစ်လာနိုင်ပါတယ်။ ဘန်ဝှိုက်က စပိန်နဲ့ပွဲစဉ်မှာ အင်္ဂလန်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၀၂၇ ခုနှစ်ရောက်ရှိချိန် ညာနောက်ခံလူနေရာကို အခိုင်အမာရယူနိုင်မယ့် ပုံစံမျိုး ရှိနေပါတယ်။ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှာဆိုရင် သူ့ဘေးနားမှာ ဗဟိုနောက်ခံလူ ကွန်ဆာ၊ ကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့ ရှိနေသလို ညာတောင်ပံမှာတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်၀လာမယ့် ဆာကာ ရှိနေပါလိမ့်မယ်။ သီတင်းပတ်တိုင်း ရှိနေမယ့် အာဆင်နယ်ကစားသမားလေးဦးတွဲကြောင့် အင်္ဂလန်ရဲ့စည်းလုံးညီညွှတ်မှုကိုလည်း ပိုမို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဆုဖလားရယူလိုစိတ် ပြင်းပြနေခြင်း
ဒါ လျှော့တွက်လို့မရတဲ့ အချက်တစ်ခုပါ။ လာမယ့်မတ်လ၊ ကွာတားဖိုင်နယ်တက်ရောက်လာတဲ့ အသင်းစာရင်းမှာ စပိန်၊ ပေါ်တူဂီနဲ့ ပြင်သစ်တို့လည်း အင်္ဂလန်နဲ့အတူ ပါဝင်လာပေမဲ့ သူတို့အားလုံး မကြာသေးမီးနှစ်တွေအတွင်း ဆုဖလားတွေ ဆွတ်ခူးထားပြီးသား ဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ဆီ ဆောက်ဂိတ်ရဲ့အသင်း တက်ရောက်ပြီးနောက် အင်္ဂလန်က ဥရောပမှာတင်မက တစ်ကမ္ဘာလုံးအတိုင်းအတာအရပါ နိုင်ငံတကာဘောလုံးလောကရဲ့ခြေစွမ်းတည်ငြိမ်မှုအမြင့်ဆုံးအသင်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အောင်မြင်မှုနဲ့ အကြိမ်ကြိမ်ကပ်လွဲပြီး ဆုဖလားလက်မဲ့ ဖြစ်နေပါတယ်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား အောင်မြင်မှုဆိုတာ ပိုမိုဝေးကွာတဲ့ အမှတ်တရတစ်ခု ဖြစ်လာတာနဲ့အမျှ ဆုဖလားလက်မဲ့ နာကျင်စရာ နှစ်ကာလတွေ ဆက်လက်ရှိနေဆဲပါပဲ။
ဒါပေမဲ့ လူအများစုရဲ့အမြင်မှာတော့ လက်ရှိဖြတ်သန်းနေရတဲ့ အချိန်ကာလက အင်္ဂလန် အမျိုးသားဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးခေတ်ကာလဖြစ်တာကြောင့် တစ်ချိန်ချိန်မှာ ဆုဖလားတစ်ခုခုကို ဆွတ်ခူးနိုင်ဖို့ဆိုတာ မလွဲမသွေဖြစ်လာမယ့်အရာတစ်ခုလို ခံစားရပါတယ်။
ဘယ်လင်ဟမ်၊ ဟယ်ရီကိန်းနဲ့ တူချယ်တို့အားလုံးမှာ နောက်ဆုံးကျန်ရှိနေတဲ့ တောင်တန်းကြီးကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုနဲ့ သတ္တိတွေ ရှိနေကြပါတယ်။ ဂေါ်ဒွန်နဲ့ ဒီကလန်ရိုက်စ်တို့မှာလည်း အနိုင်ရလိုတဲ့ စိတ်ဓာတ်မျိုး ထပ်တူ ရှိနေကြပါတယ်။ အင်္ဂလန်က ကမ္ဘာ့အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်လို့ ဘာကိုမှ ကြောက်ရွံ့နေစရာ မလိုပါဘူး။ အရေးအကြီးဆုံးကတော့ သူတို့မှာ အဲဒီဆုဖလားကို ဒီထက်ပိုပြီး ဆာလောင်တောင့်တတဲ့ စိတ်ဆန္ဒ ရှိနေနိုင်တာပါပဲ။