The network connection is lost.

Banner Image

အီတီဟတ်ကွင်းရဲ့ ပေါင် ၇၄၀ တန် နိုက်ကလပ်စတိုင် အတွေ့အကြုံသစ်ကို မန်စီးတီး မိတ်ဆက်

စွဲချက် ၁၁၅ ခုအနက် ၈၀ ခုမှာ ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုတွေနဲ့ သက်ဆိုင်ပြီး စွဲချက်စုစုပေါင်း ၁၁၄ ချက်အတွက် အပြစ်ရှိတယ်ဆိုတာ တွေ့ရှိပြီးနောက် ငွေကြေးရှာဖွေဖို့အတွက် မန်စီးတီးရဲ့ အံ့အားသင့်ဖွယ်ရာ စိတ်ကူးသစ်တစ်ခု ထွက်ပေါ်လာပါတယ်။

မကြာသေးမီရာသီတွေအတွင်း အီတီဟတ်အားကစားကွင်းမှာ လက်မှတ်အားလုံး ကုန်စင်အောင် ရောင်းချနိုင်ဖို့ ရုန်းကန်နေရပေမဲ့ အခုတော့ ပွဲကြည့်လက်မှတ်တစ်စောင်အတွက် ပရိသတ်တွေ ပေါင် ၇၄၀ အထိ ကုန်ကျရပါတော့မယ်။

ဒါပေမဲ့ မန်ချက်စတာရဲ့အေးစက်စက်နေ့ရက်တွေမှာ သာမန်ပွဲကြည့်စင်အတွေ့အကြုံနဲ့ လုံး၀ကွဲပြားတဲ့ အတွေ့အကြုံသစ်တစ်ခုကို ပရိသတ်တွေ ခံစားသွားရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒီပရိသတ်တွေက အားကစားကွင်းအတွင်း ၁၉၉၀ ပြည့်နှစ်လွန်ကာလကို အခြေခံထားတဲ့ နိုက်ကလပ်ပုံစံ ဧည့်ဝတ်ပြုနားနေခန်းသစ်ဖြစ်တဲ့ "Zadies" မှာ ရှိနေကြလို့ ဖြစ်ပါတယ်။

ဒီလိုများပြားလှတဲ့ ငွေကြေးပမာဏကို ပေးချေဖို့ အသင့်ရှိတဲ့သူတွေအတွက် အကန့်အသတ်မရှိ သောက်သုံးနိုင်မယ့် အရက်သေစာတွေ၊ အာရှစတိုင် အစားအသောက်တွေ၊ DJ တီးခတ်မှု အပါအဝင် ဂီတဖျော်ဖြေမှုတွေနဲ့ သီးသန့်လသာဆောင်မှာ သက်သောင့်သက်သာတည်ခင်းဧည့်ခံကျွေးမွေးမှုဆိုတဲ့ ဝန်ဆောင်မှုတွေ ထွက်ပေါ်လာပါယ်။ ဒါ့အပြင် ပွဲမစတင်မီ အစောဆုံးဝင်ရောက်ခွင့်နဲ့ ပွဲစဉ်အပြီး နောက်ကျမှပြန်ခွင့်တို့ ပါဝင်တဲ့ အထူးပွဲနေ့အစီအစဉ်တွေကိုလည်း ရရှိသွားပါလိမ့်မယ်။

အကောင်းဆုံးကစားသမားတွေကို ကြည့်ရှုဖို့အတွက် ပရိသတ်အများအပြားက အပိုငွေကြေး ပေးချေလိုတယ်ဆိုတာ သေချာသလို မန်စီးတီးကြယ်ပွင့်တွေဆိုတာလည်း ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားစာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ပေါင် ၇၄၀ ကို စျေးကြီးလွန်းတယ်ဆိုရင် အဲ့ဒီထက် အများကြီးပိုကုန်ကျမယ့် အခြားလက်မှတ်တွေလည်း ရှိနေပါသေးတယ်။

အာဆင်နယ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေအတွက် (၈၄၅ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုဈေးကြီးတဲ့) ၆,၉၉၉ ပေါင်အထိ ကျသင့်မယ့် တစ်ဦးချင်း VIP လက်မှတ် ရှိသလို သာမန်ပွဲစဉ်တွေအတွက်တောင် ၂,၉၉၅ ပေါင် အနည်းဆုံးရှိပါတယ်။

ဒီ VIP ပက်ကေ့ချ်မှာ အာဆင်နယ်ရဲ့နည်းပြခုံတန်းအနောက် ထိုင်ခုံနေရာများ၊ ကလပ်ဂန္ထဝင်ကစားသမားဟောင်းနဲ့အတူ ကွင်းအတွင်းလေ့လာခွင့်၊ လက်မှတ်ရေးထိုးထားတဲ့ အမှတ်တရပစ္စည်းများအပြင် ကစားသမားတွေနဲ့ လူချင်းတွေ့ဆုံစကားပြောခွင့်၊ ဓာတ်ပုံတွဲရိုက်ခွင့်ဆိုတဲ့ အခွင့်အရေးတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ရှန်ပိန်နဲ့ ညစာသုံးဆောင်ခွင့်၊ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်းဆင်းတာကို ကြည့်ရှုဖို့ ဥမင်လိုဏ်ခေါင်းဆီ ဝင်ရောက်ခွင့်နဲ့ သီးသန့်အမည်ပေါက် ပွဲအစီအစဉ်စာအုပ်တို့လည်း ပါဝင်ပါတယ်။