The network connection is lost.

Banner Image

အန်ဇိုဖာနန်ဒက်ဇ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်း ကြန့်ကြာနေလိမ့်ဦးမယ်လို့ သုံးသပ်လိုက်တဲ့ ဂျိုးကိုးလ်

ချဲလ်ဆီးနဲ့ အင်္ဂလန်တောင်ပံကစားသမားဟောင်းဂျိုးကိုးလ်က အန်ဇိုဖာနန်ဒက်ဇ်ကို ရိုဒရီရဲ့နေရာအတွက် အစားထိုးဖို့ အသင့်တော်ဆုံးကစားသမားတစ်ဦး ဖြစ်လာနိုင်သူလို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားနဲ့ ရွှေဘောလုံးဆုရှင် ရိုဒရီက အခုနွေရာသီမှာ မန်စီးတီးမှ ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းဖြင့် ထွက်ခွာသွားပြီး နူးကမ့်ကွင်းမှာ လေးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရိုဒရီထွက်ခွာသွားပြီးနောက် မန်စီးတီးအသင်းက ကွင်းလယ်လူနှစ်ဦး ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ချဲလ်ဆီးအသင်းရဲ့အန်ဇိုဖာနန်ဒက်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကာ ကွင်းလယ်လွတ်နေရာကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနားကစားသမားရဲ့တန်ဖိုးကို ပေါင်သန်း ၁၂၀ ဝန်းကျင်အထိ သတ်မှတ်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့ စိတ်ဝင်စားမှုရှိနေပေမဲ့ ချဲလ်ဆီးကတော့ အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပါတယ်။

Paddy Power နဲ့တွေ့ဆုံချိန် ဂျိုးကိုးလ်က အန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီးအတွက် အသင့်တော်သူဖြစ်မယ်လို့ ယုံကြည်နေပြီး လာမယ့် ၁၁ ရက်အတွင်း ပိတ်သိမ်းတော့မယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်မပြီးဆုံးမချင်း ဒီအပြောင်းအရွှေ့ဇာတ်လမ်း ရှိနေဦးမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

"ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့ ကြိုးပမ်းရတယ်ဆိုတာ တကယ်မလွယ်ကူပါဘူး။ ရိုဒရီက ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။ တကယ့်ကို ထူးခြားတဲ့ဘောလုံးသမားတစ်ဦးပါ။ အခု အန်ဇိုဖာနဒက်ဇ်ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းလည်း သေချာပေါက် ကြန့်ကြာနေပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ သူက လက်ရှိမှာ အသင်းပြောင်းရွှေ့ချင်ပြီး ကလပ်အသင်းအများအပြားရဲ့စိတ်ဝင်စားမှုကို ရရှိနေလို့ပါပဲ။

နှစ်ဖက်ကလပ်အသင်းတွေက သူတို့ရဲ့ရပ်တည်ချက်ကို ပြသထားလို့ ကျွန်တော့်အမြင်အရတော့ အခုအချိန်မှာ ငွေကြေးကိစ္စပဲ ကျန်ပါတော့တယ်။

မန်စီးတီးကတော့ ငွေကြေးကို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေနိုင်စွမ်း ရှိကြတယ် မဟုတ်လား။ သူတို့ ဘယ်နေရာကပဲ ရှာရှာ၊ ဒါကတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ အခြားသူတွေ စုံစမ်းစစ်ဆေးရမယ့်ကိစ္စ ဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကိုတော့ ဒီနေရာအတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့ဆိုရင် ကစားသမားနှစ်ဦး လိုအပ်ပြီး အန်ဒါဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့လို ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားနှစ်ဦးလောက်တောင် လိုအပ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဒီအပြောင်းအရွှေ့ ပြီးမြောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဂျိုးကိုးလ်က ဆိုပါတယ်။

မန်စီးတီးက အန်ဇိုဖာနန်ဒက်ဇ်အပြင် ခရစ္စတယ်ပဲလေ့စ်ကစားသမားဝါတန်နဲ့လည်း သတင်းတွေထွက်ပေါ်နေပေမဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ရောင်းချသွားဖို့ မရှိဘူးလို့ လန်ဒန်အခြေစိုက်ကလပ်အသင်းဘက်မှ တုံ့ပြန်ထားပါတယ်။