The network connection is lost.

Banner Image

ဒီနှစ်ရာသီကို နည်းပြဘဝတစ်လျှောက် အခက်ခဲဆုံးရာသီအဖြစ် သတ်မှတ်လိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိရာသီဟာ နည်းပြဘဝတစ်လျှောက်မှာ "အခက်ခဲဆုံး" ရာသီဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်သားဟာ မန်စီးတီးမှာလည်း အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

စနေနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားအတွက် အစောပိုင်းကတည်းက ရုန်းကန်ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း သေချာသလောက်ရှိနေပေမဲ့ ပက်ဂွါဒီယိုလာကတော့ သူ့အသင်းဟာ ကိုယ်ပိုင်စံနှုန်းအတိုင်း မကစားနိုင်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ဖိအားတွေပိုများခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက"ဒါက အခက်ခဲဆုံးရာသီဖြစ်တယ်ဆိုတာ သေချာပါတယ်။ ပိုပြီးတော့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ အများကြီးပါပဲ။ သင်မနိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာအရပိုပြီးတောင်းဆိုလာသလို ပြင်ဆင်မှုတွေ၊ စိတ်အခြေအနေတွေကအစ အရာရာတိုင်းပါပဲ"လို့ ပြောခဲ့ပါတယ်။ မတူညီတဲ့ နိုင်ငံသုံးခုမှာ လိဂ်ဖလား (၁၂) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်အပါအဝင် ဆုဖလားအများအပြားရရှိထားပေမဲ့ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွာဒီယိုလာကတော့ ရာသီတိုင်းမှာ သူ့ကိုယ်သူ သက်သေပြဖို့လိုအပ်တယ်လို့ ပြောပါတယ်။ 

လာမယ့်ရာသီမှာ လီဗာပူးအသင်းဆီကနေ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူဖို့လည်း မျှော်မှန်းထားပါတယ်။ ပက်ဂွါဒီယိုလာက"ကျွန်တော်တို့က အမြဲတမ်း ကိုယ့်ကိုယ်ကို သက်သေပြရမှာပါ။ ပြီးသွားတဲ့အခါ ပြီးသွားတာပါပဲ။ ပရိသတ်တွေက အမြဲတမ်းကွင်းထဲကို လာကြည့်ဖို့ လက်မှတ်ဝယ်ကြတာပါ။ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ သက်သေပြခဲ့ရပါတယ်။ အခြေအနေတွေမကောင်းတဲ့အခါမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်မိပါတယ်။ အနားယူတဲ့အခါကျမှ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်သုံးသပ်ပါ့မယ်။ ဒါပေမဲ့ အခုတော့ နောက်ပွဲအတွက် ကျွန်တော် ကိုယ့်ကိုယ်ကို သက်သေပြရပါဦးမယ်။ ဒါကြောင့် ဘဝက မှတ်ဉာဏ်တွေနဲ့ ရှင်သန်နေတာမဟုတ်ပါဘူး"လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့နောက် တတိယနေရာမှာရှိနေပြီး အက်ဖ်အေဖလားကို ဝင်ဘာလေကွင်းမှာရယူပြီး ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။