The network connection is lost.

Banner Image

တိုနီခရူးစ်နဲ့နှိုင်းယှဉ်ခံရမှုအပြင် လီဗာပူးမှာကစားပေးနေရတဲ့ နေရာသစ်အတွက် ကျေနပ်အားရနေတဲ့ ဂရာဗန်ဘတ်ချ်

လီဗာပူးကွင်းလယ်ကစားသမား ဂရာဗန်ဘတ်ချ်က ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်း တိုနီခရူးစ်နဲ့နှိုင်းယှဉ်ခံရမှုအပေါ် ပျော်ရွှင်နေပြီး အန်းစလော့ရဲ့အသင်းအတွက် သူတာဝန်ယူထားရတဲ့ အခန်းကဏ္ဍသစ်ကိုလည်း အားရကျေနပ်နေပါတယ်။

အတိတ်မှာ တိုက်စစ်အားပြုကွင်းလယ်ကစားသမားအဖြစ် ပိုမိုတာဝန်ပေးခံရတဲ့ ဂရာဗန်ဘတ်ချ်က အခုရာသီ၊ အန်းစလော့လက်အောက်မှာ No.6 Role အဖြစ် ပြောင်းလဲလာခဲ့ပြီး နေရာသစ်မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေပြသကာ ကလပ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ အမှတ်ပေးဇယားဦးဆောင်သူဖြစ်လာအောင် ကူညီပေးထားပါတယ်။

သူနဲ့ တိုနီခရူးစ်တို့ကို နှိုင်းယှဉ်နေမှုတွေအကြောင်း သုံးသပ်ချက်ပေးဖို့ တောင်းဆိုလာချိန်မှာ ဂရာဗန်ဘတ်ချ်က “အမှန်ပါပဲ၊ အခုလိုကြားသိရတာအတွက် ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုနီခရူးစ်ဆိုတာ ဘောလုံးလောကရဲ့ဂန္တဝင်တစ်ဦးပါ။ သူက အကောင်းဆုံးအရာတွေကို အများကြီးလုပ်ပြခဲ့ပါတယ်။ ဒါကြောင့် အခုလိုကြားသိရတာ ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယာဂန်ကလော့ပ်လက်အောက် မထင်မရှားကဏ္ဍတစ်ခုမှာပဲ ရှိနေခဲ့ရတဲ့ ဂရာဗန်ဘတ်ချ်က အခုဘောလုံးရာသီ၊ အသင်းအတွက် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ကစားနေရလို့ ကျေနပ်အားရမိပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂျီရိုနာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဂရာဗန်ဘတ်ချ်က “ကျွန်တော့်အတွက် ပွဲဦးထွက်ဘောလုံးရာသီက အဲ့ဒီလောက်အထိ စိတ်ပျက်စရာကောင်းတာမျိုး မဟုတ်ပါဘူး။ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကိုက အရင်တုန်းကထက် ပွဲကစားချိန်မိနစ်တွေ ပိုမိုရရှိဖို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ပွဲတွေဆက်တိုက်ကစားနေရပြီး ပွဲစဉ်တိုင်း ကွင်းတွင်းမှာ ကိုယ့်ကိုကိုယ်သက်သေပြခွင့်ရရှိလို့ ပျော်ရွှင်မိတယ်ဆိုရုံပါပဲ။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ခံစားရလို့ တကယ်ကိုပျော်ရွှင်မိပါတယ်။လူတိုင်းတိုးတက်နိုင်နေဆဲဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။ အခုအတိုင်း အရမ်းကောင်းနေပေမယ့် ခံစစ်ကစားချိန်မှာ ကျွန်တော် နည်းနည်းတော့ပိုလုပ်ရဦးမယ်လို့ ထင်ပါတယ်။ လက်ရှိရရှိထားတဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် ပျော်ရွှင်မိသလို ဒီအတိုင်းပဲ ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။