မန်စီးတီးကိုရှုံးနိမ့်ခဲ့မှုအတွင်း အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို ရှာဖွေခဲ့တဲ့ ဂရာဗန်ဘတ်ချ်
ယမန်နေ့(တနင်္ဂနွေနေ့)၊ အိမ်ကွင်းအန်ဖီးလ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းမြင်စရာ အချက်အလက်များစွာ ရရှိခဲ့တယ်လို့ လီဗာပူးကွင်းလယ်လူဂရာဗန်ဘတ်ချ်က အခိုင်အမာပြောကြားလိုက်ပါတယ်။
ဒီပွဲစဉ်မှာ မန်စီးတီးက ဆိုဘိုဆလိုင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် ဘာနာဒိုဆေးလ်ဗားရဲ့နောက်ကျချေပဂိုး၊ ဟာလန်းရဲ့ နာကျင်ပယ်နယ်တီသွင်းဂိုးတွေနဲ့အတူ အဝေးကွင်းနိုင်ပွဲကို ရရှိခဲ့ပါတယ်။ပွဲစဉ်အပြီး ဂရာဗန်ဘတ်ချ်က "ဆိုဘိုဆလိုင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ ဖရီးကစ်ဂိုးနဲ့အတူ ကျွန်တော်တို့ အစပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က ချေပဂိုး ပြန်သွင်းခဲ့သလို၊ ပွဲပြီးခါနီးမှာ ဒိုင်လူကြီးရဲ့ ပယ်နယ်တီပေးဖို့ ဆုံးဖြတ်ချက်ကြောင့် သူတို့တွေ ၁-၃ ဂိုးဖြင့် အနိုင်ရသွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကစားရတာ တကယ်ကို ခက်ခဲသွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့လည်း "ပထမပိုင်းမှာ မန်စီးတီးက ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုးဘာမှမရရှိမှုက တကယ်စိတ်ပျက်ဖို့ကောင်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အီတီဟတ်ကွင်းအဝေးကွင်းပွဲစဉ်မှာ မန်စီးတီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးပေမဲ့ အခုပွဲစဉ်မှာတော့ ပွဲကို ပိုမိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ဂရာဗန်ဘတ်ချ်က သုံးသပ်ပါတယ်။
"အဝေးကွင်းမှာတုန်းက သူတို့တွေ ကျွန်တော်တို့ကို သုံးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကို ထားခဲ့ပြီး ရှေ့ဆက်ရပါမယ်။ အခု ကျွန်တော်တို့ကို ဆန်းဒါးလန်းက စောင့်ကြိုနေပါပြီ" လို့ ဂရာဗန်ဘတ်ချ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။