The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းဟာ ချန်ပီယံလိဂ်ကနေထွက်ခွာရနိုင်ချေရှိတယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဆက်ဂ်ညာ

အာဆင်နယ်နောက်ခံလူဟောင်း ဆက်ဂ်ညာကတော့ လီဗာပူးအသင်းဟာ ပထမအကျော့မှာ ပီအက်စ်ဂျီကိုအနိုင်ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ကနေထွက်ခွာရနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ဆက်ဂ်ညာက လီဗာပူးအသင်းက လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဆဲလို့ ယုံကြည်နေပါတယ်။

လက်ရှိလီဗာပူးအသင်းဟာ ရမှတ် ၁၃ မှတ်ဖြတ်ထားတာကြောင့် ဒုတိယအကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ စလော့ရဲ့အသင်းဟာ ဒီရာသီလိဂ်ပွဲ ၁ ပွဲသာအရေးနိမ့်ထားသလို ပြိုင်ပွဲစုံ ၃ ခုစလုံးမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပါတယ်။ အာတီတာရဲ့အသင်းကတော့ တိုက်စစ်ပိုင်းပြဿနာကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆက်ဂ်ညာက အသင်းဟောင်းဟာ မယုံကြည်နိုင်စရာကောင်းတဲ့ပြန်လာမှုနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“အာဆင်နယ်က အကောင်းဆုံးလုပ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အချို့လူတွေက အာဆင်နယ်အသင်း လီဗာပူးကိုလိုက်မီနိုင်ဖို့ နီးစပ်ပြီးမှ အခုလိုဖြစ်သွားလို့ စိတ်ပျက်နေကြပါတယ်။ သူတို့မှာ ဒဏ်ရာပြဿနာလည်း ရှိနေပါတယ်။ အထူးသဖြင့် ဂျီးဆပ်စ် နဲ့ ဆာကာလိုကစားသမားမျိုးတွေ လက်လွှတ်ထားရပါတယ်။ အဲ့တာက ကြီးမားတဲ့ပြဿနာပါ။ ဒါပေမယ့် သူတို့မှာ ရာသီကောင်းတစ်ခုရှိနေတယ်လို့ ကျွန်တော်ယုံပါတယ်။

သူတို့ အမှတ်အချို့လက်လွှတ်ထားရပါတယ်။ ဒါပေမယ့် အားလုံးခြုံလိုက်ရင် အကောင်းဆုံးလုပ်ထားနိုင်ပါတယ်။ နွေရာသီတုန်းက ခေါ်ခဲ့တဲ့ကစားသမားတွေက အကျိုးပြုနေပါတယ်။  ဒီရာသီမှာ အပေါင်းလက္ခဏာဆောင်တာတွေရှိနေပါတယ်။ မှန်ပါတယ်။ ရာသီမသိမ်းသေးပါဘူး။ လီဗာပူးကို လိုက်မီနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ပီအက်စ်ဂျီနဲ့ပွဲက သူတို့ကစားတာကို ကြည့်လိုက်ပါ။

အဲ့လိုပွဲမျိုးတွေရှိလာတယ်ဆိုရင် အာဆင်နယ်အနေနဲ့ သူတို့ကို လိုက်မီလာနိုင်ပါတယ်။ ပီအက်စ်ဂျီက အဲ့နေ့ပွဲမှာ တကယ်ကောင်းခဲ့ပြီး လီဗာပူးအသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်”လို့ ဆက်ဂ်ညာက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ အလီဆင်ရဲ့လက်စွမ်းကြောင့် သက်သာရာရခဲ့တာဖြစ်ပြီး အီလီယော့တ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စွမ်းဆောင်ရည်ကျဆင်းခဲ့ပေမယ့် စလော့ရဲ့အသင်းဟာ အန်ဖီးလ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဆက်ဂ်ညာကတော့ ပီအက်စ်ဂျီဟာ ဒုတိယအကျော့မှာ လီဗာပူးကိုတင်အနိုင်ယူတာမျိုးမဟုတ်ပဲ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလားပါ ရယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။

“ပဲရစ်က ဘောလုံးကစားဟန်ကောင်းတစ်ခုရှိပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေရှိနေသလို ယုံကြည်မှုလည်းရှိပါတယ်။ လီဂူးဝမ်းမှာလည်း သူတို့  အမြင့်ပျံနေတာကြောင့် ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်မှာသေချာပါတယ်။ နောက်တစ်ညမှာ သူတို့ဘယ်လိုကစားလဲဆိုတာကို ကျွန်တော်ကြည့်လိုက်ရင် ဒီရာသီသူတို့နဲ့ယှဉ်ပြိုင်ရမှာ တကယ်ခက်ခဲမယ်လို့တောင် တွေးမိပါတယ်။ အတိတ်တုန်းက သူတို့ ထိပ်တန်းကစားသမားတွေကို အားပြုခဲ့ပေမယ့် အခုတော့ လူငယ်တွေကို အားပြုလာပါတယ်။

အချို့ကစားသမားတွေဆိုရင် ဒီနေ့မှာ တောက်ပမယ်လို့တောင် မထင်ထားမိပါဘူး။ ဘာကိုလာဆိုရင်လည်း သူတို့ထဲကတစ်ယောက်ပါပဲ။ အခုတော့ သူတို့ဖိအားတွေ မရှိပါဘူး။ အခုဆို သူတို့အသင်းလိုက် နဲ့  စိတ်ပိုင်းဆိုင်ရာမှာ စုစည်းလာကြပါတယ်”လို့ ဆက်ဂ်ညာက ပြောကြားခဲ့ပါတယ်။