The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြုံတွေ့နေတဲ့ပေါ့ဂ်ဘာကို ချန်ပီယံလိဂ်ပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခဲ့တဲ့ မိုနာကို

အသက် ၃၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာဟာ မိုနာကိုအသင်းရဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကစားသမားစာရင်းမှာ မပါဝင်လာတော့ဘူးလို့ L'Equipe သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မိုနာကိုအသင်းက ယူအီးအက်ဖ်အေထံပေးပို့ရမယ့်ကစားသမားစာရင်းမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းပေါ့ဂ်ဘာကိုထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပေါလ်ပေါ့ဂ်ဘာက ခြေသလုံးကြွက်သားဒဏ်ရာကုသမှုခံယူနေရပါတယ်။ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာပြန်လည်ကုသရေးလုပ်ငန်းစဉ်တွေဟာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ သူဘယ်အချိန်မှာ ကွင်းထဲပြန်ဝင်နိုင်မလဲဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့ မိုနာကိုအသင်းစီအီးအို သီယာဂိုစကူရိုက ပြောကြားခဲ့ပါတယ်။

ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာရဲ့ပထမဆုံးဘောလုံးရာသီဟာ မျှော်လင့်ထားသလောက်ဖြစ်မလာခဲ့ဘဲ စိတ်ပျက်စရာကောင်းနေပါတယ်။ သူက ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရလို့ မိုနာကိုအသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားထားပါတယ်။

ပေါ့ဂ်ဘာနဲ့အတူ တာကူမီမီနာမီနိုနဲ့ မိုဟာမက်ဆာလီဆူတို့ဟာလည်း ချန်ပီယံလိဂ်လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ဦးစလုံးက ဒူးအရွတ်စုတ်ပြဲဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားလို့ အခုလိုချန်လှပ်ခံရမယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားပြီးသားလည်း ဖြစ်ပါတယ်။

လူစာရင်းထဲမှာတော့ ဒီယက်တာအပြင် ဆောင်းရာသီမှာမှ အသစ်ခေါ်ယူထားတဲ့ ဝုဖ်ဖေးစ်နဲ့ အေဒင်ဂရာတို့ကို ပြန်လည်ထည့်သွင်းထားတာ တွေ့ရပါတယ်။

မိုနာကိုအသင်းဟာ ဒီလထဲမှာကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပလေးအော့ဖ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ကစားသွားပါလိမ့်မယ်။

ဒါ့အပြင် လာမယ့်ကြာသပတေးနေ့မှာတော့ ပြင်သစ်ရှုံးထွက်ဖလား (ကူးပီဒီဖရန့်စ်) ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် စထရာဘော့အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားဖို့ ရှိနေပါတယ်။