The network connection is lost.

Banner Image

လီဗာပူးနည်းပြအန်းစလော့၏လုပ်ပိုင်ခွင့်နယ်ပယ်နှင့်ပတ်သက်၍ အားကစားဒါရိုက်တာရစ်ချတ်ဟုချ် ရှင်းလင်းပြောကြား

လီဗာပူးအသင်းအားကစားဒါရိုက်တာရစ်ချတ်ဟုချ်က အသင်းရဲ့ဘောလုံးနဲ့သက်ဆိုင်တဲ့ကဏ္ဍအားလုံးကို နည်းပြအန်းစလော့ကိုယ်တိုင်သာ ဦးဆောင်နေပါတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။


မာဆေးဆိုဒ်ကလပ်အသင်းအတွင်း ဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အဓိကကျသူမှာ အန်းစလော့သာဖြစ်တယ်လို့ ရစ်ချတ်ဟုဂျ်က အလေးအနက်ထားပြောကြားခဲ့ပါတယ်။


"အခြေခံအားဖြင့်တော့ နှစ်ဖက်စလုံးကော၊ အားလုံးကပါ နားလည်ထားကြတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ပွဲကစားမည့်နေ့ အခြေအနေတွေ၊ လူစာရင်း ရွေးချယ်မှုတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ကိစ္စရပ်မှန်သမျှဟာ နည်းပြရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ထဲမှာပဲ အမြဲတမ်းရှိနေတယ်ဆိုတာပါပဲ" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် နည်းပြရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ဆီ ဝင်ရောက်စွက်ဖက်ခြင်းမပြုမိဖို့ဆိုတာလည်း အလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်လို့လည်း ရစ်ချတ်ဟုဂျ်က ဆိုပါတယ်။

ဘောလုံးရေးရာနှင့် ခြေစွမ်းပိုင်းဆိုင်ရာကိစ္စများကို အပြန်အလှန်ဆွေးနွေးလေ့ရှိပေမယ့် အန်းစလော့ကိုပဲ အမြဲတမ်းဦးဆောင်ခွင့်ပေးထားလို့ လီဗာပူးအားကစားဒါရိုက်တာထံမှ သိရပါတယ်။

မိမိရဲ့အမြင်တစ်ခုခုအတွက်လည်း အန်းစလော့၏ သဘောထားကိုသာ ဦးစားပေးနားထောင်လေ့ရှိပြီး အကြံပြုချက်များကိုတင်ပြရန်အတွက် အချိန်အခါကောင်းကို စောင့်ဆိုင်းလေ့ရှိကြောင်း ရစ်ချတ်ဟုဂျ်က ဖွင့်ဟခဲ့ပါတယ်။

တစ်ဖက်မှာလည်း နည်းပြအန်းစလော့က အားကစားဒါရိုက်တာရစ်ချတ်ဟုဂျ်နဲ့လက်တွဲလုပ်ကိုင်နေရတဲ့ အခြေအနေကို ပြန်လည်ပြောပြခဲ့ပါတယ်။

"ကျွန်တော့်အတွက် အားကစားဒါရိုက်တာတစ်ယောက်နဲ့ အလုပ်တွဲလုပ်ရတဲ့အခါ သဘောအကျဆုံး အချက်ကတော့ ကျွန်တော်အကူအညီလိုအပ်တဲ့အချိန်တိုင်း သူက အမြဲတမ်းရှိနေပေးတာပါပဲ" လို့ အန်းစလော့က ပြောကြားခဲ့ပါတယ်။

မိမိချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တိုင်းအပေါ် စောင့်ကြည့်အကဲဖြတ်ခံနေရသည်ဟု မခံစားရဘဲ လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ရစ်ချတ်ဟုဂျ်ကိုယ်တိုင် အကောင်းဆုံးဖန်တီးပေးထားတယ်လို့လည်း ၎င်းက ဆိုပါတယ်။

"ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းအပေါ် တစ်ချိန်လုံးစောင့်ကြည့်နေတာမျိုးကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ရစ်ချတ်ကတော့ ကျွန်တော့်အတွက် အကောင်းဆုံး လုပ်ငန်းခွင် အခြေအနေတွေ ဖြစ်လာအောင် ဟန်ချက်ညီညီ လုပ်ဆောင်ပေးနိုင်သူပါ" လို့ အန်းစလော့က ချီးကျူးစကားဆိုခဲ့ပါတယ်။