
အသင်းဖော်သစ် အီကီတီကီနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ဖလော်ရီယန်ဝစ်ဇ်
ဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့လီဗာပူးအသင်းဖော်သစ်ဟူဂိုအီကီတီကီနဲ့ပတ်သက်လို့ အမြင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက ဂျာမနီမြေမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ အန်ဖီးလ်အသင်းဖော်တွေနဲ့ပူးပေါင်းကာ ကြိုးကြာနီတွေရဲ့တိုက်စစ်ပိုင်းအတွက် ခိုင်မာအားကောင်းလှတဲ့တိုက်စစ်အတွဲတစ်ခုဖြစ်လာဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။
အီကီတီကီက ဖရန့်ဖတ်မှ လီဗာပူးဆီ ကနဦးပြောင်းရွှေ့ကြေးပေါင် ၆၉ သန်းဖြင့် ရောက်ရှိလာခဲ့ပြီး အခုနွေရာသီ၊ လီဗာပူးအသင်းရဲ့ ဒုတိယမြောက်ဈေးအကြီးဆုံးကစားသမားသစ်ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့၊ ဘီလ်ဘာအိုနဲ့ အန်ဖီးလ်ကွင်းရာသီကြိုခြေစမ်းပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်နဲ့အတူ အီကီတီကီပါ ပါဝင်ကစားခဲ့ပြီး ကျေနပ်လောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
ဘီလ်ဘာအိုကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ခြေအနှုတ်အသိမ်းမြန်ဆန်မှုတွေနဲ့အတူ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတစ်ဦးပိုင်ဆိုင်ထားတဲ့ နည်းစနစ်အရည်အသွေးတွေကို ချပြသွားခဲ့ပါတယ်။ အလားတူ အီကီတီကီကလည်း မိုဆာလက်ရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်ရင်း အန်ဖီးလ်ပရိသတ်တွေရဲ့အားပေးထောက်ခံမှုအများအပြားကို လက်ခံရရှိခဲ့ပါတယ်။
အီကီတီကီရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဖလော်ရီယန်ဝစ်ဇ်က “ အီကီတီကီဆိုတာ အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ဖရန့်ဖတ်မှာကတည်းက သူ့ရဲ့ကစားပုံကို ကျွန်တော် နှစ်သက်ခဲ့ပါတယ်။ ဒီအသင်းဆီ သူပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့မှုအပေါ် ကျွန်တော် အရမ်းဝမ်းသာမိပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အကောင်းဆုံးလုပ်ပြသလို ပွဲစဉ်တွေမှာလည်း ကောင်းကောင်းလုပ်ဆောင်ပြခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာလည်း ကောင်းမွန်တဲ့တွဲဖက်ကစားမှုအချို့ ရှိခဲ့ပါတယ်။ သူနဲ့အတူ တွဲကစားရလို့ အလွန်ပျော်ရွှင်မိပါတယ်။
အသင်းမှာ တချိန်တည်းရောက်ရှိလာတဲ့ ကစားသမားအချို့ရှိနေတာကြောင့် ကျွန်တော်တို့အချင်းချင်းကြား အနည်းငယ်ချိတ်ဆက်ပြောဆိုနိုင်သလို အသင်းနဲ့အံဝင်သွားဖို့ ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုတာကိုလည်း တိုင်ပင်နိုင်ပါတယ်။ ဒါ တကယ်ကောင်းမွန်ပါတယ်။ အဲ့ဒါက အသင်းသစ်တစ်ခုဆီ ရောက်ရှိသွားချိန် အထောက်အကူဖြစ်စေပါတယ်”လို့ The Times သတင်းဌာနနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အန်းစလော့ရဲ့အသင်းက ရာသီကြိုကာလမှာရရှိလာခဲ့တဲ့ အရှိန်အဟုန်ကောင်းတွေကို လာမယ့်တနင်္ဂနွေနေ့၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ဝင်ဘာလေကွင်း၊ ကွန်မြူနတီဒိုင်းပွဲစဉ်ဆီ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒီပွဲစဉ်က လီဗာပူးအတွက် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဈေးဦးပေါက်ဆုဖလားဆွတ်ခူးနိုင်မယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်နေပါတယ်။ ဝင်ဘာလေကွင်းပွဲစဉ်အပြီး သူတို့တွေက ဘုန်းမောက်ကို အိမ်ကွင်းမှာဧည့်ခံကစားကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးစဉ် စတင်သွားပါလိမ့်မယ်။