
မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ တစ်သင်းတည်းမှာ အတူတူကစားဖို့မဖြစ်နိုင်ကြောင်း ရှင်းပြလာတဲ့ ရာဖင်ဟာ
ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ရာဖင်ဟာက လီယွန်နယ်မက်ဆီ၊ နေမာဂျူနီယာနဲ့ ခီလီယန်အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးဖို့ ကျရှုံးခဲ့ခြင်းနဲ့ ထိပ်တန်းကစားသမား ၃ ဦးကို ပေါင်းစည်းပေးဖို့ဘာကြောင့်မဖြစ်နိုင်သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
အဆိုပါကစားသမား ၃ ဦးဟာ ၂၀၂၁ ခုနှစ်ကနေစတင်ပြီး ပီအက်စ်ဂျီအတွက်ကစားပေးခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ မက်ဆီနဲ့နေမာတို့က အင်တာမီယာမီနဲ့ အယ်လ်ဟီလယ်တို့ထံ တစ်ချိန်တည်းဆိုသလို ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ဘောလုံးလောကရဲ့အလှည့်အပြောင်းတစ်ခုအဖြစ် မက်ဆီကို ဘာစီလိုနာမှခေါ်ယူခဲ့ပါတယ်။ ထိုစဉ်က ပီအက်စ်ဂျီဟာ တိုက်စစ်ပိုင်းမှာ အမ်ဘာပေနဲ့ နေမာတို့ကိုလည်း ရရှိထားတာကြောင့် မက်ဆီပါထပ်မံပေါင်းထည့်လိုက်ရာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်တွဲလုံးကို ပိုင်ဆိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ အဆိုပါကြယ်ပွင့်တိုက်စစ်မှူး ၃ ဦးနဲ့ လီဂူးဝမ်းဆုဖလားတွေနဲ့ ပြင်သစ်စူပါဖလားတွေကိုဆွတ်ခူးခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှုမရခဲ့ဘဲ ဆက်တိုက်ကျရှုံးခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ရာဖင်ဟာက "ရာသီကြိုကာလမှာပဲ ပထမဆုံးလေ့ကျင့်ရေးဆင်းတော့ ကစားသမားတွေအားလုံး ကွင်းထဲမှာရောက်နေကြပါတယ်။ အဲဒီတုန်းက အသင်းကအလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိုးသမားနေရာကနေစပြောရမယ်ဆိုရင် အဲဒီတုန်းက ပီအက်စ်ဂျီမှာ နာဗက်စ်နဲ့ ဒွန်နာရမ်မာတို့ရှိနေပါတယ်။ နှစ်ယောက်စလုံးက ထိပ်တန်းဂိုးသမားတွေဖြစ်ပြီး ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့သူတွေချည်းပါ။ ဒါကြောင့် တစ်ယောက်ကိုပွဲထုတ်ရင် ကျန်တဲ့တစ်ယောက်က ကျေနပ်မှာမဟုတ်ပါဘူး။ နည်းပြတွေနဲ့ ပြဿနာတက်ပါလိမ့်မယ်"
"နောက်တန်းမှာဆိုရင်လည်း အစားထိုးလို့မရတဲ့ မာကွင်စ်ဟို၊ ကင်ပမ်ဘီနဲ့ ဆာဂျီယိုရာမို့စ်တို့ရှိနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးခံစစ်အတွဲပါ။ တိုက်စစ်မှာတော့ မက်ဆီ၊ နေမာ၊ ဒီမာရီယာနဲ့ အမ်ဘာပေတို့ရှိပါတယ်။ နည်းပြအနေနဲ့ ဘယ်တစ်ယောက်ကို အရန်ခုံထိုင်ခိုင်းမလဲ။ ဒီမာရီယာလား။ ဒီမာရီယာလိုကစားသမားမျိုးက အရန်ခုံမှာထိုင်ရမယ့်ကစားသမားမဟုတ်ပါဘူး။ ဒီလိုဆိုအလုပ်ဖြစ်မှာမဟုတ်ပါဘူး"
"နည်းပြတစ်ယောက်အတွက် ဒီလိုအခြေအနေက အောင်မြင်မှုယူဖို့ မဖြစ်နိုင်ပါဘူး။ အသင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေရှိနေပေမယ့် တစ်ချိန်တည်းမှာပဲ အဲဒီအသင်းကိုကိုင်တွယ်ဖို့က အရမ်းခက်ပါတယ်။ ကျွန်တော်ဆိုလည်း အဲဒီတုန်းကမကစားခဲ့ရပါဘူး။ ဒီအတိုင်းထိုင်ကြည့်နေခဲ့ရတာပါ" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ နေမာနဲ့မက်ဆီတို့ ထွက်ခွာသွားပြီးနောက် အမ်ဘာပေတစ်ယောက်သာ ပီအက်စ်ဂျီမှာကျန်ခဲ့ပြီး ပြင်သစ်စူပါစတားဟာလည်း နောက်ထပ်တစ်ရာသီသာ ထပ်ကစားခဲ့ကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အမ်ဘာပေထွက်ခွာသွားပြီး နောက်ရာသီမှာတော့ ပီအက်စ်ဂျီဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးခဲ့ပြီး ဖလား ၃ လုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ကာ အသင်းရဲ့တောင်ပံကစားသမားဒမ်ဘီလီကလည်း ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။