The network connection is lost.

Banner Image

ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့အပြောင်းအရွှေ့မှာ မန်စီးတီးအတွက် အမှားအယွင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ကစားသမားဟောင်း ပြောကြား

ပြီးခဲ့တဲ့နွေရာသီ၊ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်စီးတီးရဲ့လှုပ်ရှားမှုကြောင့် ပရိသတ်တွေအကြား အငြင်းပွားစရာ ဖြစ်လာပါတယ်။

ဘန်လေမှာ နှစ်အနည်းငယ် ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမတိုင်မီမှာ ပက်ဂွါဒီယိုလာက ထရက်ဖို့ဒ်ကို ကလပ်အသင်းဆီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၄ နှစ်အရွယ်ဂိုးသမားကို အီတီဟတ်ကွင်းဆီ ပြန်လည်ခေါ်ယူပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာတင် ဂွါဒီယိုလာက ပီအက်စ်ဂျီနဲ့ အီတလီ နံပါတ်တစ် ဂိုးသမားဒွန်နာရမ်မာကိုလည်း ရဲရဲဝံ့ဝံ့ ခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာမှာ ဂွါဒီယိုလာတာဝန်ယူခဲ့တဲ့ နောက်ဆုံးရာသီအတွင်း ထရက်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်လေးခုသာ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ သူ့ကို ပေါင် ၄၅ သန်းဖြင့် လိဒ်ယူနိုက်တက်ဆီ ရောင်းထုတ်ဖို့ ကလပ်အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။

သူက အီလန်ရုဒ်ကွင်းမှာ အထင်ကြီးဖွယ် လက်စွမ်းပြနေသလို ၂၀၂၇ ခုနှစ်မှာ အင်္ဂလန်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာဖို့ ဂျော်ဒန်ပစ်ခ်ဖို့ဒ်ကို ဖိအားပေးလာပါတယ်။ ဒါကြောင့် သူ့ကို ရောင်းထုတ်ခဲ့မှုမှာ ရေရှည်ကြီးမားတဲ့ အမှားအယွင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မန်စီးတီးနောက်ခံလူဟောင်း နီဒမ်အိုနူအိုဟာက ပြောဆိုခဲ့ပါတယ်။

အိုနူအိုဟာက "'ထရက်ဖို့ဒ်က အင်္ဂလန်ရဲ့ နောက်ထပ်ဂိုးသမားသစ် ဖြစ်လာတော့မယ်' ဆိုတဲ့ ပြောဆိုသံတွေကို ကျွန်တော်တို့ ဘယ်နှစ်ကြိမ်လောက် ကြားခဲ့ရဖူးလဲ မသိပေမဲ့ သူ အဲဒီလို ဖြစ်လာတော့မယ်ဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ခဲ့ပါတယ်"

"မန်စီးတီးအတွက် နောင်တရစရာ ဖြစ်သွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိမှာ အဲဒီနေရာက သိပ်ပြီး အဆင်မပြေပေမဲ့ ဒွန်နာရမ်မာလည်း အံ့သြဖွယ်ကစားသမားဘဝကို ပိုင်ဆိုင်ထားသူဖြစ်လို့ အခြေအနေတွေ ပြန်ကောင်းလာချင်လည်း ကောင်းလာနိုင်ပါတယ်" လို့ ဆိုပါတယ်။