The network connection is lost.

Banner Image

အမှတ်ပေးဇယားဒုတိယနေရာအထိ တက်လှမ်းလာပြီးနောက် အာရုံစူးစိုက်မှုအပြည့် ဆက်ရှိနေကြဖို့ ပဲရစ် FC ကို ရိုဆင်နီယာ တိုက်တွန်း

ယမန်နေ့(တနင်္ဂနွေနေ့)၊ အန်ဂါးစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူကာ လီဂူးဝမ်းအမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာပြီးနောက် ပဲရစ် FC နည်းပြ ရိုဆင်နီယာက အသင်းလိုက်တိုးတက်မှုကို ကြိုဆိုပေမဲ့ ရေရှည်အတွက် ကောက်ချက်ဆွဲဖို့ စောလွန်းနေသေးတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အခုဘောလုံးရာသီ၊ လီဂူးဝမ်း ၁၁ ပွဲ ကစားပြီးချိန်မှာ ပဲရစ် FCက အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ပီအက်စ်ဂျီနဲ့ သုံးမှတ်အကွာ၊ တတိယနေရာရှိ လိုင်လီထက် နှစ်မှတ်အသာ ရရှိထားပါတယ်။

ရာသီပိတ်ကာလမှာ ပဲရစ် FC ကို စတင်တာဝန်ယူခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း ရိုဆင်နီယာက "အမှတ်ပေးဇယားမှာ အသင်းရဲ့ လက်ရှိရပ်တည်မှုအပေါ် ကျွန်တော် အရမ်း ကျေနပ်မိပါတယ်။ ဒါပေမဲ့ ဘောလုံးမှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် သာယာမေ့မြောမသွားဖို့ လိုပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တိုင်းအပေါ် အာရုံစူးစိုက်ထားဖို့ လိုပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ရိုဆင်နီယာက အမှတ်ပေးဇယားထိပ်ရှိ ပီအက်စ်ဂျီနဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ကစားမယ့် ဒါဘီပွဲစဉ်အကြောင်း ပြောဆိုမှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။

အင်္ဂလိပ်လူမျိုးနည်းပြက "သူတို့က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နိုင်ပါတယ်။ သူတို့ ဘာတွေရယူထားသလဲဆိုတာနဲ့ သူတို့ရဲ့ကိုယ်စားပြုမှုအပေါ် ကျွန်တော်တို့ အများကြီးလေးစားပါတယ်။ ပီအက်စ်ဂျီအကြောင်း မစဉ်းစားမီ ကျွန်တော်တို့ ကစားရမယ့် အရေးကြီးပွဲစဉ်သုံးခု ရှိနေပါသေးတယ်" လို့ ဆိုပါတယ်။