
ကလပ်မှာကစားခဲ့တဲ့ နှစ် ၂၀ တာကာလကို အဆုံးသတ်တော့မယ် ပီအက်စ်ဂျီ နောက်ခံလူ
ပရက်စ်နယ် ကင်ပန်ဘီဟာ ပီအက်စ်ဂျီအသင်းမှာ အနာဂတ်မရှိတော့တဲ့အတွက် အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်မှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိနေပြီး အရှေ့အလယ်ပိုင်းက အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။
၂၀၀၅ ခုနှစ်မှာ အသက် ၁၀ နှစ်အရွယ်နဲ့ ပဲရစ်ကို ရောက်ရှိခဲ့တဲ့ ကင်ပန်ဘီဟာ ပီအက်စ်ဂျီ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်တွေကို ရင်ဆိုင်နေရပါပြီ။ ကင်ပန်ဘီဟာ နည်းပြ လူးဝစ် အန်နရစ်ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့သူဖြစ်ပြီး စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပါတော့တယ်။ ပြီးခဲ့တဲ့ရာသီက ၅ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တဲ့ အသက် ၃၀ နှစ်အရွယ် နောက်ခံလူရဲ့ အနာဂတ်ကတော့ ပဲရစ်မြို့တော်နဲ့ ဝေးကွာနေပါပြီ။ ဥရောပလိဂ်အကြီးကြီးတွေရဲ့ အပြောင်းအရွှေ့စျေးကွက်တွေ ပိတ်သိမ်းသွားခဲ့ပေမယ့် တခြားစျေးကွက်တွေကတော့ ပွင့်နေဆဲဖြစ်ပြီး ကာတာနဲ့ ဆော်ဒီအာရေဗျတို့က သူ့ကို စိတ်ဝင်စားနေကြပါတယ်။
ဆော်ဒီကလပ်အများအပြားက သူ့ရဲ့ကိုယ်စားလှယ်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်ကြားချက် မကြာမီ ရရှိခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးက ကင်ပန်ဘီကို စိတ်လှုပ်ရှားမှု မဖြစ်စေခဲ့ဘဲ သူကတော့ တခြားနေရာကို ပိုနှစ်သက်နေပါတယ်။ ပြင်သစ်သတင်းစာ L'Equipe ရဲ့ဖော်ပြချက်အရ ကင်ပန်ဘီဟာ လက်ရှိအချိန်မှာ ကာတာစပို့စ် ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အဆိုပါအသင်းကတော့ ပွဲ ၃ ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဆော်ဒီအာရေးဗျက သူ့ကို ခေါ်ယူဖို့ အကြီးအကျယ် ပေးချေနိုင်ပေမယ့် ကင်ပန်ဘီကတော့ ငြင်းဆန်ခဲ့ပြီး ကာတာကို နှစ်သက်နေတာပဲ ဖြစ်ပါတယ်။
L'Equipe ကတော့ နောက်ခံလူနဲ့ ကာတာကလပ်အသင်းတို့ကြား ဆွေးနွေးမှုတွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ထပ်မံဖော်ပြခဲ့ပါတယ်။ အချို့သတင်းရင်းမြစ်တွေကတော့ ကာတာမှာ အပြောင်းအရွှေ့စျေးကွက် ပိတ်မယ့် စက်တင်ဘာလ ၁၆ ရက်နေ့ မတိုင်ခင် အပြောင်းအရွှေ့ အပြီးသတ်နိုင်မယ်လို့ အတိအကျ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ ကြီးမားတဲ့ အတားအဆီးတွေ ရှိလာနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ အသင်းက အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ကစားသမားကို ဆက်ပြီး ထိန်းသိမ်းထားဖို့ စိတ်ကူးမရှိပါဘူး။ စာချုပ်ရဲ့ နောက်ဆုံးနှစ်ကို ဖျက်သိမ်းခြင်း ဒါမှမဟုတ် အခကြေးငွေ အနည်းငယ်နဲ့ ရောင်းချခြင်းဆိုတဲ့ ရွေးချယ်စရာ ၂ ခုလည်း ရှိနေပါတယ်။
အကယ်၍ ကင်ပန်ဘီ ထွက်ခွာဖြစ်ခဲ့ရင်တော့ ပီအက်စ်ဂျီအသင်းအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကို လှည့်ပြောင်းလိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ ကင်ပန်ဘီဟာ အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ ကစားသမားဖြစ်ပြီး ကလပ်အတွက် ပြင်သစ်လိဂ်ပွဲ ၁၆၅ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၄၄ ပွဲအထိ ကစားပေးထားသူပါ။ ၂၀၁၈ ကမ္ဘာ့ဖလားကို ရယူခဲ့တဲ့ ပြင်သစ်အသင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကင်ပန်ဘီဟာ ခေတ်သစ်ပီအက်စ်ဂျီကို ပုံဖော်ခဲ့တဲ့ မျိုးဆက်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၃၀ မှာတော့ သူ့ရဲ့ စွန့်စားခန်း ပြီးဆုံးတော့မှာဖြစ်ပြီး ကာတာကတော့ သူ့ရဲ့ နောက်အနာဂတ် စတင်မယ့်နေရာ ဖြစ်နိုင်ပါတယ်။
ဒီနွေရာသီမှာ အေစီမီလန်အသင်းက သူ့ကို ချဉ်းကပ်ခဲ့ပေမယ့် နောက်ခံလူကတော့ အီတလီကလပ်ရဲ့ စိတ်ဝင်စားမှုကို လက်ခံခြင်းမရှိဘဲ ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။