
ဖရင်းပေါင်မှာ ဘယ်လိုအရည်အသွေးမျိုးတွေ ရှိနေသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဂတ်ပို
ကိုဒီဂတ်ပိုက လာမယ့်ဘောလုံးရာသီသစ်မတိုင်ခင် လီဗာပူးအသင်းဆီ ကစားသမားသစ်ဖရင်းပေါင် ယူဆောင်ပေးလာမယ့်အရာတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက်-၂၄ နှစ်အရွယ်ကစားသမားဖရင်းပေါင်က အခုနွေရာသီကာလအတွင်း ရီးရဲလ်မက်ဒရစ်ဆီ ထွက်ခွာသွားတဲ့ လီဗာပူးအကယ်ဒမီထွက်ကုန်အာနိုးလ်ရဲ့နေရာမှာအစားထိုးဖို့ လေဗာကူဆင်အသင်းမှ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ရောက်ရှိလာသူဖြစ်ပါတယ်။
စွယ်စုံရညာခြေအားသန်ကစားသမားက လေဗာကူဆင်ကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆုဆွတ်ခူးနိုင်အောင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့ပါတယ်။ ဒါ့အပြင် သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျာမန်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ အခုအချိန်မှာတော့ ဖရင်းပေါင်က နိုင်ငံ့လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂတ်ပို၊ ဂရာဗန်ဘတ်ချ်တို့ရှိရာ လီဗာပူးဆီ ငါးနှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပါပြီ။
တဖက်မှာလည်း ဖရင်းပေါင်ရဲ့လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဂတ်ပိုက နယ်သာလန်သားကို ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့အနာဂတ်ခရီးလမ်းအတွက် အကူအညီများစွာပေးနိုင်မယ့်သူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဟောင်ကောင်မှာရောက်ရှိနေချိန် ဂတ်ပိုက “ ဖရင်းပေါင်ယူဆောင်ပေးလာမယ့်အရာတွေက အများကြီးပါပဲ။ သူ့မှာ အရည်အသွေးတွေ အများကြီးရှိတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ သူ့ရဲ့အကြီးမားဆုံးအရည်အသွေးတစ်ခုကတော့ အသင်းလူစာရင်းပိုင်းမှာ ပြေးအားအကောင်းဆုံးကစားသမားဖြစ်နေခဲ့ပြီ ဆိုတာပါပဲ။
အမှန်ပါပဲ၊ သူက အရမ်းလျှင်မြန်ပါတယ်။ ဖြတ်တင်ဘောကောင်းမွန်သလို ခံစစ်၊ တိုက်စစ် လိုက်ပါကစားနိုင်ပါတယ်။ ကျွန်တော်တို့အတွက် ဖရင်းပေါင်က အများကြီးကူညီပေးနိုင်မယ်လို့ ထင်ပါတယ်” လို့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။