ဒီလစ်ချ်အတွက် ပေါင် ၄၂ သန်းအထိ အလိုရှိနေတဲ့ ဘိုင်ယန်မြူးနစ်
ဗဟိုခံစစ်မှူး ဒီလစ်ချ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ ဘိုင်ယန်မြူးနစ်ရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ပရီးမီးယားလိဂ်မှာ အလုပ်အလုပ်ဆုံး ကလပ်တစ်ခုဖြစ်ပြီး ဂျိုရှုဝါ ဇီကာဇီနှင့် နောက်ခံလူ လီနီယိုရိုတို့ အိုးထရက်ဖို့ဒ်သို့ ခေါ်ယူထားနိုင်တာဖြစ်ပါတယ်။
တန်ဟက်ဟာ အေဂျက်စ်အသင်းခေါင်းဆောင်ဟောင်း ဒီလစ်ချ်နှင့် ပြန်လည်လက်တွဲရန် စိတ်အားထက်သန်နေပြီး သောကြာနေ့ ရိန်းဂျားစ်ကို အနိုင်ရရှိခဲ့တဲ့ ရာသီကြိုပွဲမတိုင်မီ ယူနိုက်တက်ဟာ အဆိုပါဗဟိုခံစစ်ကစားသမားကို စိတ်ဝင်စားကြောင်း လူသိရှင်ကြားကြေညာခဲ့ပါတယ်။ Bild က ခရစ္စတီယန်ဖော့ခ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ နောက်ခံလူအတွက် ပထမဆုံးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပါတယ်။
"ယူနိုက်တက်က ဒီလစ်ချ် အတွက် ယူရို ၃၅ သန်း (ပေါင်သန်း ၃၀) ဖြင့်ကမ်းလှမ်းခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်" "ဘိုင်ယန်က ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း) နှင့် အပိုဆုကြေးများကို တောင်းဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ကစားသမားသစ်တွေဝယ်ဖို့ လက်ရှိကစားသမားတွေကို ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေကြား ညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်" လို့ တွစ်တာမှာ ခရစ္စတီယန်ဖော့ခ်က ရေးသားထားပါတယ်။
တန်ဟက်ဟာ နွေရာသီတွင် ဒုတိယအကြိမ်မြောက် နယ်သာလန်သား ခေါ်ယူရန် ကြိုးပမ်းနေချိန်တွင် ဒီလစ်ချ်ဟာ ယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ကလပ်နှစ်ခုကြား သဘောတူညီမှု မရရှိသေးပါဘူး။
ဒီလစ်ချ်ဟာ နယ်သာလန်ရဲ့ ယူရို ၂၀၂၄ တွင် ရွေးချယ်ခံခဲ့ရသော်လည်း တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့ကာ လက်ရှိမှာတော့ အားလပ်ရက်မှာ ရှိနေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဂျူဗင်တပ်စ်မှ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၆၈ သန်း တန်ကြေးဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နှစ်အနည်းငယ်ကြာပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည် ရယူလိုတဲ့ ကစားသမားတစ်ဦးအတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် ကလပ်တွင် နှစ်ရှည်စာချုပ်ဖြင့် ကမ်းလှမ်းရန် စိတ်အားထက်သန်လျက်ရှိပါတယ်။