The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖလားယူပြီး အာဆင်နယ်သမိုင်းကိုပြောင်းလဲပစ်မယ်လို့ အာတီတာအခိုင်အမာပြော

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက သူ့အနေနဲ့ အသင်းရဲ့သမိုင်းကြောင်းကို ပြောင်းလဲချင်တာကြောင့် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ အင်္ဂလိဂ်ပရီးမီးယားလိဂ်မှာ ဆုဖလား ၁၃ ကြိမ်အထိ ဆွတ်ခူးထားခဲ့ပေမယ့် ချန်ပီယံလိဂ်ဆုဖလားကိုတော့ မဆွတ်ခူးနိုင်သေးတာကြောင့် ဘောလုံးလောကရဲ့ ချန်ပီယံလိဂ်မရဖူးတဲ့ အသင်းကြီးတစ်သင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်ပြီး ဆုဖလားကို အနီးကပ်ဆုံးစိန်ခေါ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကိုရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာလည်း အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲအထိ တက်လှမ်းခွင့်မရခဲ့ပါဘူး။ ပီအက်စ်ဂျီကိုရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် အာတီတာက သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဖြစ်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါသေးတယ်။

ယခုအခါမှာ အာတီတာက "ကျွန်တော်တို့အသင်းမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိပေမယ့် ချန်ပီယံလိဂ်မဆွတ်ခူးနိုင်သေးပါဘူး။ ဒါကြောင့် အသင်းကအမြဲတမ်းဖိအားများခဲ့ပြီး ဖိအားတွေက ကျွန်တော်တို့အတွက် တွန်းအားတွေဖြစ်လာစေပါတယ်။ ကျွန်တော်တို့မှာ ဒီဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အခွင့်အရေးရခဲ့တာ အရမ်းနည်းပါတယ်။ ချန်ပီယံလိဂ်ရဖူးတဲ့အသင်းတွေက ဗိုလ်လုပွဲမှာ ၇ ကြိမ် ၈ ကြိမ်လောက်အထိယှဉ်ပြိုင်မှ ဆုဖလား ၂ လုံးလောက် ဆွတ်ခူးနိုင်တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲက အောင်မြင်မှုထက် ကျရှုံးမှုပိုများစေတဲ့ ပြိုင်ပွဲလို့ပြောရင်လည်း မမှားပါဘူး။ အသင်းရဲ့သမိုင်းကိုပြောင်းလဲဖို့အတွက် ကျွန်တော်တို့ ဒီဆုဖလားကို ဆွတ်ခူးချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ စပိန်ကလပ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဘူကာယိုဆာကာ၊ မာတင်အိုဒီဂတ်၊ ကိုင်ဟားဗတ်ဇ်၊ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်ဂျီးဆပ်တို့ကတော့ ဒဏ်ရာပြဿနာတွေကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေများနေပေမယ့် အာတီတာကတော့ အဆိုပါပွဲစဉ်အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြားလာခဲ့ပါတယ်။

စပိန်သားနည်းပြက "ကျွန်တော့်အနေနဲ့ဒီပွဲအတွက် စိတ်လှုပ်ရှားနေပြီး အရမ်းလှတဲ့နေရာမှာ အရမ်းကောင်းတဲ့ အသင်းနဲ့ယှဉ်ပြိုင်သွားမှာပါ။ တစ်ဆင့်ချင်းစီဆက်သွားဖို့ မျှော်လင့်ထားပြီး ပြိုင်ပွဲမှာ အရှိန်ရဖို့ ဒီပွဲကိုနိုင်မှဖြစ်ပါမယ်။ကျွန်တော်တို့ ကစားသမားအပြည့်အစုံရှိဖို့လိုပေမယ့် ကံမကောင်းစွာပဲ ဒဏ်ရာပြဿနာတွေကြောင့် ရသလောက်လူစာရင်းနဲ့ အကောင်းဆုံးဖြစ်အောင်ပွဲထုတ်သွားရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လုံလောက်တဲ့အခြေအနေရှိနေပြီး အနိုင်ရဖို့အတွက်လည်း အခွင့်အရေးကောင်းတွေရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။