
အက်သလက်တီကိုနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ နယူးကာဆယ်ကြယ်ပွင့် ဂေါ်ဒွန်
နယူးကာဆယ်ကြယ်ပွင့်တိုက်စစ်မှူး အန်သိုနီဂေါ်ဒွန်ဟာ စနေန့ညက အက်သလက်တီကိုကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ယခုပွဲစဉ်မှာ နယူးကာဆယ်ဟာ တိုက်စစ်မှူးစစ်စစ်မပါဝင်တာကြောင့် ဂေါ်ဒွန်ကို နံပါတ် ၉ နေရာမှာ ထည့်သွင်းအသုံးပြုခဲ့ပေမယ့် အင်္ဂလန်သားအနေနဲ့ အသားကျဖို့ရုန်းကန်ခဲ့ရသလို၊ ဒဏ်ရာပြဿနာနဲ့ပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြအက်ဒီဟိုဝီက ဂေါ်ဒွန်ရဲ့ဒဏ်ရာ မပြင်းထန်ကြောင်း အသိပေးခဲ့ပေမယ့် နယူးကာဆယ်ပရိသတ်တွေကတော့ ကစားသမားရဲ့အခြေအနေအပေါ် စိုးရိမ်တကြီးဖြစ်နေကြပါတယ်။
ယခုနွေရာသီအတွင်း နယူးကာဆယ်ဟာ အသင်းရဲ့တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို ရောင်းချသွားရဖို့ ရှိနေတာကြောင့် ဈေးကွက်အတွင်း တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ဟူဂိုအက်ကီတီကီနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာ တိုက်စစ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်ကပါ ဒဏ်ရာရရှိသွားတာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီအစမှာ နယူးကာဆယ်အနေနဲ့ တိုက်စစ်ပိုင်း အတော်လေးရုန်းကန်သွားရဖို့ရှိနေပါတယ်။
ယခုအက်သလက်တီကိုနဲ့ပွဲစဉ်မှာ ဂေါ်ဒွန်ဟာ ပွဲပြီးကာနီး ၈၄ မိနစ်အရောက်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ပေမယ့် လူစားလဲပြီးနောက်မှာတော့ အဝတ်လဲခန်းထဲသို့ တစ်ခါတည်းထွက်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အင်္ဂလန်လက်ရွေးစင်ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဟိုဝီက “သူအဆင်ပြေမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ခြေကျင်းဝတ်ထိသွားခဲ့တာပါ။ ပထမကတော့ ကျွန်တော်တို့က ကြွက်သားဒဏ်ရာလို့ ထင်ခဲ့မိပါတယ်။ သတင်းကောင်းကတော့ သူ့ရဲ့ဒဏ်ရာမပြင်းထန်ဘူးလို့ကြားရလို့ အဆင်ပြေမယ်လို့ ခံစားရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဂေါ်ဒွန်ဒဏ်ရာရရှိသွားတာကြောင့် နယူးကာဆယ်အနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူး အီဆက်ကို ယခုနွေရာသီအတွင်း ရောင်းချသွားဖို့ တွန့်ဆုတ်နိုင်ပါတယ်။ သို့သော်လည်း လီဗာပူးက ဆွီဒင်လက်ရွေးစင်ကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာမလား စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။