အသင်းဖော် ဒါလော့ရဲ့ကူညီပေးမှုတွေကြောင့် ယူနိုက်တက်မှာ အသားကျလာပြီလို့ဆိုလာတဲ့ ဆက်စ်ကို
ဘင်ဂျမင်ဆက်စ်ကိုဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းနဲ့အသားကျဖို့ ဒီယေဂိုဒါလော့က ဘယ်လိုမျိုး ကူညီပေးခဲ့တယ်ဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
နည်းပြဟောင်း ရူဘင်အာမိုရင်က အသင်းရဲ့ တိုက်စစ်မှူးအခက်အခဲကို ဖြေရှင်းဖို့အတွက် ဆက်စ်ကိုကို လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၆.၄ သန်း၊ အပိုဆောင်းကြေး ပေါင် ၇.၃ သန်းနဲ့ အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အာမိုရင် ထွက်ခွာသွားပြီးနောက်မှာတော့ ယာယီနည်းပြ မိုက်ကယ်ကာရစ်က တာဝန်ယူခဲ့ပြီး ယူနိုက်တက်နဲ့အတူ ရှုံးပွဲမရှိသေးတဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ဆက်စ်ကိုက ပွဲပြီးခါနီးအချိန်မှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ၁-၁ သရေရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ ပထမဆုံးဂိုးကို အောက်တိုဘာလရောက်မှ သွင်းယူနိုင်ခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့ တဖြည်းဖြည်း အသားကျလာနေပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ သူဟာ ခြေစွမ်းပြသနိုင်ဖို့အတွက် အသင်းဖော်တစ်ယောက်က အထူးတလည် ကူညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Inside Carrington ပေါ့တ်ကတ်စ်မှာ ဆက်စ်ကိုက "ဒီယိုဂိုဒါလော့က အစကတည်းက ကျွန်တော့်ကို နည်းလမ်းမျိုးစုံနဲ့ တကယ်ကို ကူညီပေးခဲ့တာပါ။ ဒီနေရာက ကျွန်တော့်အတွက်တော့ တခြားကမ္ဘာတစ်ခုလို ကွဲပြားနေတာကြောင့် သူက အများကြီး ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ ငယ်ဘဝပုံစံအတိုင်း မြင်ပြီး အခုလို ကူညီပေးခဲ့တာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နေ့တိုင်း ကြိုးစားအားထုတ်နေကြပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်လည်း ဒါကို ကွင်းထဲမှာပါ မြင်တွေ့နိုင်တာလို့ ကျွန်တော် ထင်ပါတယ်" လို့ ဆိုပါတယ်။
ပရိသတ်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း ဆက်စ်ကိုက "ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဂိုးတွေသွင်းယူတာပါပဲ။ ပရိသတ်တွေမရှိရင် ဘောလုံးကစားလို့ မရနိုင်ပါဘူး။ သူတို့တွေ ကိုယ့်ဘက်မှာ ရှိနေတဲ့အခါ အားအင်တွေ ပိုရလာသလို ပိုပြီးတော့လည်း တွန်းအားဖြစ်စေပါတယ်။ ကိုယ့်အိမ်ကွင်းမှာ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်မျိုးပါ။ လူတိုင်းက ကိုယ့်အတွက် အော်ဟစ်အားပေးနေကြတာဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် အရင်အင်တာဗျူးတွေမှာ ပြောခဲ့ဖူးသလိုပါပဲ၊ ကျွန်တော်တို့ အသင်းလိုက်ကစားပုံ၊ ကျွန်တော်တို့ရဲ့ ပုံစံနဲ့ ဂိုးသွင်းနိုင်တဲ့အခါ ကွင်းပြင်ပမှာပါ အတူတူအောင်ပွဲခံကြတာတွေဟာ ပွဲတိုင်းကို အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတာ ဖြစ်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။