The network connection is lost.

Banner Image

ရော်နယ်ဒိုရဲ့တိုက်တွန်းချက်ကြောင့် ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အယ်လ်နာဆာ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာဟာ အသင်းရဲ့စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုရဲ့တိုက်တွန်းချက်ကြောင့် မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့လက်ရှိ ဂိုးသမား ဒေးဗစ်အော်စပီနာကလည်း လာမယ့်ရာသီမတိုင်ခင် ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် အယ်လ်နာဆာအနေနဲ့ ဒီဂီယာနဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 
 
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် အခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေတဲ့ဒီဂီယာဟာ ၁ နှစ်အကြာမှာတော့ အသင်းသစ်တစ်သင်းနဲ့ ချိတ်ဆက်ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ စပိန်သားဟာ မကြာသေးမီကာလတွေမှာ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းပြီး ကောင်းမွန်တဲ့ လက်စွမ်းလက်စကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့ပါတယ်။
 
ဒီဂီယာအနေနဲ့ အသင်းသစ်နဲ့ချိတ်ဆက်လိုပေမယ့် ဥရောပ ကလပ်တွေကိုသာ ရည်ရွယ်ထားတာကြောင့် ဆော်ဒီအာရေဗျကို ခြေချမလားဆိုတာတော့ မသေချာတဲ့အခြေအနေမှာ ရှိနေပါသေးတယ်။ ယူနိုက်တက်ကနေထွက်ခွာခဲ့ပေမယ့် ဒီဂီယာဟာ မန်ချက်စတာမြို့မှာပဲ ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး တစ်ကိုယ်တော် လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
 
ယူနိုက်တက်ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ ဒီဂီယာဟာ လက်ရှိမှာ အသက်-၃၃ နှစ် အရွယ်ရှိပြီဖြစ်သော်လည်း ဂိုးသမားတစ်ယောက်အတွက်တော့ ဒီလိုအသက်အရွယ်ဟာ ကြီးတယ်လို့မဆိုနိုင်ပါဘူး။ သို့သော်လည်း ကစားသမားအနေနဲ့ လက်စွမ်းလက်စကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင်တော့ လာမယ့်ရာသီမှာပဲ အသင်းတစ်သင်းနဲ့ချိတ်ဆက်ပြီး ထိန်းတန်းဘောလုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဆဲဖြစ်ကြောင်း သက်သေပြဖို့တော့လိုအပ်နေပါတယ်။