The network connection is lost.

Banner Image

ခရီမိုနိစ်ကိုအနိုင်ရခဲ့လို့ စိတ်သက်သာရာရမိခဲ့ကြောင်း ဝန်ခံပြောကြားလာတဲ့ ဒီဂီယာ

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ခရီမိုနိစ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် ဖီအိုရင်တီးနားဂိုးသမား ဒေးဗစ်ဒီဂီယာက သူ့အနေနဲ့ အဆိုပါပွဲစဉ်မတိုင်မီမှာ စိတ်ဆင်းရဲစရာတွေကြုံတွေ့ထားရတာကြောင့် နိုင်ပွဲရခဲ့တဲ့အတွက် စိတ်သက်သာရာရမိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုနှစ်ရာသီမှာ ဖီအိုရင်တီးနားဟာ နိုင်ပွဲတွေနဲ့ အတော်လေးဝေးကွာနေခဲ့ပြီး ရှုံးပွဲတွေသာဆက်တိုက်ကြုံတွေ့ထားခဲ့ကာ မကြာသေးမီကလည်း အသင်းရဲ့ပရိသတ်တွေက အသင်းအပေါ် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ခရီမိုနိစ်ကိုအနိုင်ရပြီးနောက်မှာတော့ ပရိသတ်တွေရဲ့အားပေးမှုကို ပြန်လည်ရရှိလာတဲ့အတွက် စိတ်သက်သာရာရမိကြောင်း ဒီဂီယာက ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်းက "ဂိုးခွင့်မပြုရဖို့က အရမ်းအရေးကြီးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ယုံကြည်ချက်ရှိရှိနဲ့ အနိုင် ၃ မှတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပွဲတွေမှာလည်း ဂိုးမပေးရဖို့ ကျွန်‌တော်တို့ ဆက်လက်ကြိုးစားသွားရပါမယ်"

"ကျွန်တော့်ရဲ့အမှားတွေက သာမန်ပါပဲ။ ဒီလိုအမှားမျိုးကို လူတိုင်းလုပ်မိပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက်တတ်နိုင်သလောက် ကူညီပေးဖို့ ဘာမဆိုလုပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဖီအိုရင်တီးနားရဲ့ အဝတ်လဲခန်းအတွင်းအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဒီဂီယာက "ကျွန်တော့်အမြင်မှာတော့ ထူးထူးခြားခြားမရှိပါဘူး။ အသင်းအတွက်ကစားပေးချင်စိတ်မရှိတဲ့သူက ထွက်ခွာသွားပြီး သူ့နေရာမှာ အခြားတစ်ယောက်အစားဝင်လာပါတယ်" လို့ဖြေကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးဒီဂီယာက သူဟာ ဖီအိုရင်တီးနားပရိသတ်တွေနဲ့ မြို့ကိုချစ်ခင်နှစ်သက်ကြောင်းကို "ကျွန်တော်က ဘောလုံးချစ်မြတ်နိုးသလို၊ ဒီအသင်းအင်္ကျီနဲ့ ဒီမြို့ကိုလည်း အရမ်းချစ်မြတ်နိုးပါတယ်။ ဒါကြောင့် အသင်းရဲ့ရလဒ်တွေမကောင်းတဲ့အခါ စိတ်မသက်မသာဖြစ်မိပါတယ်။ ကျွန်တော် ဒီအသင်းကိုချစ်လေလေ၊ ခံစားရတာတွေက ပိုနာကျင်ရလေပါပဲ"

"ဒီလိုအခြေအနေအထိဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အမှတ်တွေစုဆောင်းနိုင်ဖို့လိုပါတယ်။ ရာသီကုန်ဖို့က အများကြီးလိုသေးလို့ ကျွန်တော်တို့ လက်ကျန်ပွဲတွေမှာ အစွမ်းကုန်ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။