The network connection is lost.

Banner Image

ဆန်နီလမ်မန်းစ် ယူနိုက်တက်ရဲ့ဂိုးကို နောက်ထပ် ၁၀ နှစ်လောက်အထိ ကာကွယ်ပေးနိုင်မယ်လို့ဆိုတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ ဆန်နီလမ်မန်းစ်ဟာ နောက်ထပ် ၁၀ နှစ်လောက်အထိ ကလပ်အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် ရှိနေနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားလေးဟာ ဆန်းဒါးလန်းနဲ့ပွဲမှာ အသင်းဖော်တွေကို ကယ်တင်နိုင်ခဲ့သလို ဂိုးမပေးရအောင်လည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဆန်းဒါးလန်းဘက်က အစစအရာရာ အသာစီးရခဲ့ပေမဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့် အားလုံးရဲ့ ချီးကျူးမှုကို ရခဲ့တာပါ။ ဒါဟာ သူ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲလည်း ဖြစ်ပါတယ်။

ဆန်နီလမ်မန်းစ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၀ ပွဲအထိ ပါဝင်ကစားပေးထားပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့သလို အန်ဒရေ အိုနာနာရဲ့ နေရာမှာလည်း အကောင်းဆုံး အစားထိုးနိုင်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဖာဒီနန်က သူ့ရဲ့ ပေါ့ကတ်စ်အစီအစဉ်မှာ ဆန်နီလမ်မန်းစ်ဟာ ယူနိုက်တက်ရဲ့ ရေရှည်အနာဂတ်အတွက် တောက်ပတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"သူ့ရဲ့ တည်ငြိမ်မှု၊ လက်စွမ်းပြကာကွယ်မှုတွေနဲ့ အသင်းအတွက် သူစွမ်းဆောင်ပေးခဲ့တာတွေဟာ တန်ဖိုးဖြတ်လို့တောင် မရနိုင်ပါဘူး။ သူက တကယ့်ကို ထူးချွန်တဲ့အပြင် အသက်လည်း ငယ်ပါသေးတယ်။ ဒါကပဲ ကျွန်တော် သဘောကျရတဲ့ အချက်ပါ၊ ငယ်သေးတဲ့အတွက် အတွေ့အကြုံတွေ ထပ်ရဦးမှာဖြစ်သလို အခုထက်လည်း ပိုပြီး တိုးတက်လာဦးမှာပါ။ သူ့ရဲ့ ကစားပုံက အတက်အကျ ရှိခဲ့ရင်တောင် သူကတော့ စိတ်ဓာတ်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်သွားနိုင်မယ့်သူပါ။ သူဟာ မန်ချက်စတာယူနိုက်တက်မှာ နောက်ထပ် ၁၀ နှစ်လောက်အထိ နံပါတ် ၁ ဂိုးသမားအဖြစ် ရှိနေနိုင်ပါတယ်။ သူဟာ အခြေခံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး ဒီရာသီမှာ သူပြသခဲ့တဲ့ ခြေစွမ်းတွေကနေတစ်ဆင့် ပိုကောင်းတဲ့အနာဂတ်ကို သေချာပေါက် တည်ဆောက်သွားနိုင်မှာပါ" လို့ ဖာဒီနန်က ဆိုပါတယ်။

တစ်ဖက်မှာလည်း ဆန်နီလမ်မန်းစ်က သူ့ရဲ့ ပထမဆုံးရာသီ ခြေစွမ်းအပေါ် ဂုဏ်ယူမိသလို နောက်ရာသီမှာလည်း ယူနိုက်တက်အသင်းအနေနဲ့ ပိုမိုကြိုးစားသွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရည်မှန်းချက်တွေ ပိုမိုကြီးမားလာတာနဲ့အမျှ ကလပ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံဆုကိုပါ ပစ်မှတ်ထားသွားမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ တိုးတက်လာခဲ့ပြီဖြစ်သလို အခုက နောက်တစ်ဆင့်ကို တက်လှမ်းရတော့မှာပါ။ လာမယ့်ရာသီက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ရာသီတစ်ခု ဖြစ်လာမှာဖြစ်လို့ လူတိုင်းက ပိုပြီးတော့ ကြိုးစားအားထုတ်သွားကြရပါမယ်။ ဒီရာသီမှာ အဆင်ပြေခဲ့တယ်ဆိုပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်းတိုင် မဟုတ်သေးပါဘူး။ ဒါကြောင့် အခုရရှိထားတဲ့ အခြေအနေကောင်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားရမှာဖြစ်သလို ပိုကောင်းလာအောင်လည်း ဆက်လက်ကြိုးစားသွားရမှာပါ" လို့ ဆန်နီလမ်မန်းစ်က ပြောကြားခဲ့ပါတယ်။